Wednesday, July 24, 2013

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုနှင့် စဉ်းစားဖွယ်အချက်များ

              မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၃ ခုနှစ် ၀၇ နာရီ ၃၇ မိနစ် 

             
              

ဇူလိုင်လ ၂၃ ရက်တွင် အကျဉ်းသား ၇၃ ဦး လွှတ်ပေးမှုတွင် နိုင်ငံရေးအကျဉ်းသား အမြောက်အမြား ပါဝင်လာခဲ့
သည်။ ဝမ်းသာဖွယ်ပင် ဖြစ်သည်။ သို့သော် ထိုနေ့တွင်ပင် တောင်ကြီးမြို့ ထင်းရှူးမြိုင်ဆရာတော်ကို အလုပ်ကြမ်းနှင့်
ထောင်ဒဏ် ချမှတ်လိုက်ခြင်းက စဉ်းစားဖွယ်ကိစ္စတစ်ခု ဖြစ်လာသည်။

အလားတူပင် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် တာဝန်ခံ ဒေါ်ဘောက်ဂျာကိုဖမ်းဆီး
ကာ တရားစွဲဆိုမှုများလည်း ရှိခဲ့သည်။ ဒေါ်ဘောက်ဂျာ၏ အမှုမှာ ရုပ်သိမ်းလွှာတင်ပြီး ဖြစ်သည်ဟု ရှေ့နေက ဆိုထားသည်။ သူ၏အမှုသည် သုံးနှစ်ကျော်ကြာပြီးမှ ပြန်လည် ထွက်ပေါ်လာခဲ့သည့်အမှုလည်း ဖြစ်သည်။

အစိုးရသစ်တက်လာပြီးနောက် အကျဉ်းသားများ လွှတ်ပေးမှုမှာ ၁၀ ကြိမ်တိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် အခြား
တစ်ဖက်တွင်လည်း ထင်းရှူးမြိုင်ဆရာတော်နှင့် ဒေါ်ဘောက်ဂျာတို့ ကဲ့သို့သော အရေးယူသည့် အမှုကိစ္စများသည်
ပြန်လည်စဉ်းစားဖွယ်အချက်များ ဖြစ်လာခဲ့သည်။

ဇူလိုင် ၂၃ ရက်က ပြန်လည်လွှတ်ပေးသည့် အကျဉ်းသားများတွင် မတရားအသင်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခြင်း
ခံထားရသူများ ပြန်လည် လွတ်မြောက်လာသည်ကိုလည်း တွေ့ရှိရသည်။ ထိုအထဲတွင် ကချင်ပြည်နယ်မှ ဦးဘရန်ရှောင်လည်း ပါဝင်သည်။ သူက ထောင်မှပြန်လည် ထွက်လာလာချင်း KIO နှင့် ဆက်နွှယ်ခြင်းမရှိ၊ KIO တပ်သားအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးခြင်းမရှိဟု ထုတ်ဖော်ပြောဆိုသည်။ ဤအချက်သည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့မှ တာဝန်ရှိသူများ၏ လုပ်ရပ်အပေါ် ထပ်မံ စဉ်းစားရမည့် အချက်တစ်ချက်အဖြစ် ထွက်ပေါ်လာခဲ့
သည်။

အကျဉ်းသားများ အကြိမ်ကြိမ် လွှတ်ပေးမှုနှင့်အတူ Generation Wave (မျိုးဆက်သစ်လူငယ်များ) ၏ အတွင်းရေးမှူး ကိုဝေဖြိုး ဇူလိုင်လ ၁၀ ရက်က ဖမ်းဆီးခံရခြင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုရဲမင်းဦးကို မတ်လအတွင်း ဖမ်းဆီးခဲ့ခြင်းတို့လည်း ရှိနေခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ မေလအတွင်း ထုတ်ပြန်သည့် စာရင်းများ
အရ နိုင်ငံရေးအကျဉ်းသား ၁၈၃ ဦး ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။ ဇူလိုင် ၂၃ ရက် အကျဉ်းသားလွှတ်ပေးမှုတွင် ရှမ်းပြည်နယ် တောင်ကြီးနှင့် လားရှိုးတို့ တွင် ပြစ်ဒဏ်များ ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိ
သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားဟူသည်ကို မည်သို့ပင် သတ်မှတ်သည်ဖြစ်စေ နိုင်ငံရေး
အကျဉ်းသားများ လွှတ်ပေးမှုသည် လိုအပ်ချက်များ ရှိနေသေးသည်ပင် ဖြစ်သည်။

ထိုသို့သော အခြေအနေများကြောင့် ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးမည်ဟု သမ္မတ၏ ကတိပေးထားမှုကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

0 comments:

Post a Comment