Friday, July 12, 2013

Friday, July 12, 2013 အရွယ်မတိုင်မီ မိန်းကလေးငယ် ကလေးမွေးဖွားနှုန်း ၁.၇ ရာနှုန်းရှိနေ

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အကြား မိန်းကလေးဦးရေ ၃ သန်းခန့် ရှိနေပြီး ၁,၀၀၀ လျှင် ၁၇ ဦးမှာ ကလေးမွေးဖွားပေးခဲ့ရကြောင်း ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ပြောဆိုလိုက်သည်။

ဇူလိုင်လ ၁၁ ရက်နေ့က ကျင်းပသော ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ၂၀၀၇ ခုနှစ်၊မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေး စစ်တမ်းအား ကိုးကား ပြောဆိုသွားကြောင်း နိုင်ငံပိုင် သတင်းစာများတွင်ရေးသားထားသည်။

 “အမျိုးသမီးငယ်လေးများ အိမ်ထောင်ပြု စောခြင်းသည် သူတို့၏ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းကိုလျော့ပါးစေကြောင်း၊ ၎င်းတို့၏ ဘဝကို ရေရှည်ထိခိုက်နိုင်စေရုံသာမက ရင်သွေးများ၏ ဘဝအရည်အသွေးကိုလည်း ထိခိုက်စေပါကြောင်း၊ အမျိုးသမီးငယ်များ ပညာပိုတတ်လာကြခြင်းဖြင့် ကလေး များစွာ ယူခြင်းထက် ကလေး နည်းနည်းနှင့် ယင်းတို့၏ လူမှုဘဝ ပိုမိုသာယာရေးကို ရွေးချယ်နိုင်မည် ဖြစ်ပါကြောင်း” အပြည်ပြည်ဆိုင်ရာ လူဦးရေနှင့် ဖွံ့ဖြိုးမှု ညီလာခံမှ ဖော်ပြချက်အား ဒေါက်တာစိုင်းမောက်ခမ်း က ကိုးကားပြောဆိုသွားသည်။

လက်ရှိ မြန်မာနိုင်ငံ လူဦးရေမှာ သန်း ၆၀ ခန့်ရှိပြီး ၁၅ နှစ်နှင့် ၁၉ နှစ် အရွယ်အတွင်း အမျိုးသမီးငယ် ဦးရေမှာ ၂.၉ သန်းမျှ ရှိနေကြောင်းလည်း ဒု-သမ္မတ က ပြောဆိုသွားသည်။

ထို့ကြောင့် အသက် ၁၈ နှစ်အောက် လက်ထပ်ခြင်း၊ အသက် ၂၀ မတိုင်မီ ကိုယ်ဆောင်ခြင်းနှင့် မလိုချင်သော ကိုယ်ဝန် ဆောင်ရခြင်းတို့ကို လျှော့ချသွားနိုင်ရန် ကူညီဆောင်ရွက်ရမည်ဟု ဆိုသည်။

ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်မှာ “Adolescant Pregnancy” (ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု) ဖြစ်သည်။ထို့ပြင် လက်မထပ်ဘဲ အပျို၊ လူပျိုဘဝနှင့် နေထိုင်သော အချိုးအစား တနှစ်ထက်တနှစ် မြင့်မားလာ၍ လက်မထပ်ရသေးသူများ အတွက်လည်း မျိုးဆက်ပွား ကျန်းမာရေး ပညာရေးမှုနှင့် စောင့်ရှောက်ရေး အစီအစဉ်များ ပိုမိုလိုအပ်နေသည်ဟု ဆိုသည်။

မျိုးဆက်ပွား ကျန်းမာရေး ပညာပေးတွင် သားဆက်ခြားနည်းများ၊ ပဋိသန္ဓေ ကာကွယ်နည်းများ၊ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ၊ ကိုယ်ခံအား ကျဆင်းမှု ရောဂါ၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ မွေးဖွားစဉ် စီမံမှု၊ မွေးဖွားပြီး ကလေးနှင့်မိခင် စောင့်ရှောက်မှု စသည်တို့ ပါဝင်သည်။

လွန်ခဲ့သော ဆယ်စုနှစ်များ၏ နိုင်ငံတွင်း လူဦးရေ မွေးဖွားမှုနှုန်း မြင့်မားခဲ့၍ ယနေ့အချိန်တွင် အလုပ်လုပ်နိုင်သော လူဦးရေ များပြားလျက်ရှိကာ မှီခိုသူ ဦးရေထက် နှစ်ဆနီးပါး များပြားနေကြောင်းလည်း ဒု-သမ္မတ က ဂုဏ်ယူပြောကြားသွားသည်။ သို့သော် နိုင်ငံ၏ အလုပ်လက်မဲ့နှုန်း ၄၀ ရာခိုင်နှုန်းနီးပါးခန့်ထိ မြင့်မားနေမှုမှာ အစိုးရနှင့် အတိုက်အခံတို့ပါ အရေးတယူ ပြောဆိုလာရသော အခြေအနေဖြစ်သည်။ တိုင်းပြည်၏ အဆင်းရဲဆုံး ပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်တွင် အလုပ်လက်မဲ့ ၇၃ ရာခိုင်နှုန်းပင် ရှိနေကြောင်း ကုလ စစ်တမ်းတစောင်တွင် ဖော်ပြထားသည်။

သက်ကြီးရွယ်အိုများနှင့် ပတ်သက်၍လည်း ၂၀၁၅ ခုနှစ်တွင် နိုင်ငံ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိလာနိုင်မည် ဟုလည်း ခန့်မှန်းရပြီး ၎င်းတို့ကို အလေးထား စောင့်ရှောက်သော မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန်လည်း ဒု-သမ္မတ က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် တိုက်တွန်း ပြောဆိုသွားသည်။

မဇ္ဈိမသတင်းဌာန

0 comments:

Post a Comment