Friday, July 26, 2013

Friday, July 26, 2013 ပြည်ထောင်စုလွှတ်တော်နာယက နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ ဆွေးနွေး၊ ဗိုလ်ချုပ်လက်ရေးမူ စစ်၊ မစစ် ဒေါ်အောင်ဆန်းစုကြည်အာမမခံနိုင်

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့် ဇူလိုင် ၁၉ ရက်နေ့တွင် နတ်မောက်နှင့် ရေနံချောင်းသို့သွား ရောက်ပြီး ရေနံချောင်း အထကမှ နှစ်ရှည်လများ သိမ်းဆည်းထားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ သေတ္တာကို ဆရာမကြီးက ပေးအပ်ခဲ့ရာ ၄င်းလက်ရေးမူသည် မိမိဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူစစ် မစစ် အာမမခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်ကို တွေ့ဆုံ၍ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဇူလိုင် ၂၃ ရက်နေ့က အမျိုးသားလွှတ်တော်သို့ လာရောက်၍လေ့လာစဉ် ဥက္ကဋ္ဌဦးခင်အောင် မြင့်နှင့် မိနစ် ၄၀ ခန့်ကြာ သီးသန့်တွေ့ဆုံခဲ့ပြီး ဦးခင်အောင်မြင့် ယူဆောင်လာခဲ့သော ဗိုလ်ချုပ် လက်ရေးမူသေတ္တာကို ကြည့်ရှု၍ ၄င်း၏ထင်မြင်ချက်သဘောထား များပေးခဲ့ကြောင်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်အယ်ဒီတာအဖွဲ့သို့ ပြောကြားသည်။

ဥက္ကဋ္ဌဦးခင်အောင်မြင့်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ သည့် အကြောင်းအရာများကို ထုတ်ဖော်ပြောကြားရာတွင် ““ဒေါ်အောင်ဆန်း စုကြည်ကို အဘကပြတယ်။ နံပါတ်တစ်ကစစ်၊ မစစ်ကြည့်ရမယ်တဲ့။

ဆိုတော့ဒီမှာပဲ သူကြည့်တာပေါ့နော်။ ကြည့်ပြီးတော့ သူ့ရဲ့စကားအတိုင်း ပြောရရင်တော့စစ်ကြောင်း၊ အစစ်ဖြစ်ကြောင်း ရာခိုင်နှုန်းပြည့် ကျွန်မ အာမမခံနိုင်ဘူးတဲ့။ ကျွန်မမှာဖေဖေ့ လက်ရေးမူတွေ ရှိပါတယ်တဲ့။ တိုက်ကြည့်ဖို့ လိုတယ်တဲ့။ လက်ရေးဆိုတာလည်း ပြောင်းတတ်တယ်တဲ့။ အဲဒါဆိုရင်တော့ ယူမသွားနဲ့ဦးပေါ့။ ဒီမှာစီအိုင်ဒီက လက်ရေးအိတ်စ်ပတ် ခေါ်ပြီးပြရအောင်။ ဒေါ်အောင်ဆန်းစုကြည်ဆီမှာရှိတဲ့ဗိုလ်ချုပ်ရဲ့ လက်ရေးမူ လေးတွေ ယူခဲ့ပါ။ ဒီမှာတိုက်ကြည့်မယ်။ စစ်ပြီဆိုရင် ဘာလုပ်မလဲ။ စစ်ပြီဆိုရင် ကျွန်မဗြိတိသျှသံရုံးကို အကူအညီတောင်း မယ်တဲ့။

အကူအညီတောင်းပြီးတော့ UK က ပြတိုက်တွေမှာ ဒီ Paper Preservation ပေါ့ စက္ကူ ထိန်းသိမ်းတဲ့ပညာရှင်တွေရှိတယ်တဲ့။ အဲဒီမှာလုပ်မှရမယ်တဲ့။ အဲဒီမှာလုပ်လို့ ကိုင်လို့ရသွားပြီဆိုရင်တော့ စကန်ဆွဲလို့ရပြီပေါ့နော်။ ပွားလို့ရပြီပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကတော့ဒါကိုသူက Original ကို၊ မူရင်းကိုတက္ကသိုလ်မှာ ထားချင်တယ်လို့ပြောတယ်။ သူဆန္ဒရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်ကျောင်းတုန်းက ဥစ္စာကိုး။ အစစ်ဖြစ် ခဲ့ရင်ပေါ့။ အစစ်မဟုတ်ရင်တော့လည်း မဟုတ်ကြောင်းပြောပြီး တော့ ရေနံချောင်းပြန်ပို့မယ်။ အဲဒီလိုပြောတယ်။

အဘက ဒေါ်အောင်ဆန်းစုကြည် ရယ်တက္ကသိုလ်မှာ ထားရင်လည်း မူပွားပဲ ထားသင့်ပါတယ်။ ဒါကိုတော့ နိုင်ငံတော်ကပဲ စနစ်တကျထိန်းသိမ်းသင့်တယ်။ တကယ်လို့ကိုယ်က ထိန်းသိမ်းမယ်ဆိုရင်လည်း UK ကပညာရှင်တွေ ညွှန်ကြားတဲ့အတိုင်း အခန်းသတ်သတ်လုပ်ရမယ်။ Box လေးဖြစ်ဖြစ်ပေါ့။ အဲဒီ Box လေးထဲမှာပဲ temperature ထိန်းရမယ်။ moisture ထိန်းရမယ်စ သည်ဖြင့် သူတို့ ညွှန်ကြားတဲ့အတိုင်း လုပ်ဖို့တော့လိုတယ်။ အဲတော့ ဒီဥစ္စာက အမှန်ကတော့တန်ဖိုးရှိတဲ့ သမိုင်းဝင်ပစ္စည်းကို ဆယ်တင်လိုက်ရတဲ့ သဘောပဲ။သူတို့ပြောသလို ယူသွားတာလည်း မဟုတ်ဘူး။

သတင်းစာထဲမှာလည်းပါတယ်။ သတင်းထုတ်ပြန်ထားတယ်။
ဟုတ်တယ်တဲ့။ ဖေဖေက သူ့ဆီမှာ ရှိတဲ့လက်ရေးမူမှာဆိုရင်နောက်ဆုံးမှာ သူပုံလေးတွေလည်း ဆွဲတယ်တဲ့။ သူ့နာမည်ကိုလည်း သူအမျိုးမျိုး ပေးကြည့်တာ ရေးထားတာလည်းတွေ့တယ်တဲ့။ အေးအဲဒါလေး တွေ့ရင် ရုပ်ရှင်ရိုက်တဲ့အခါကျတော့ အထောက်အကူဖြစ်မယ်။ ဒါကိုကော်ပီကူး လို့ရတယ်ဆိုရင်လည်း ရုပ်ရှင်ထဲမှာလည်း ဒီဥစ္စာလေးနဲ့ တက္ကသိုလ် ကျောင်းသားဘ၀မှာ ဒီမှတ်စုလေးနဲ့ဆိုရင်တော့ ပိုသင့်တော် တယ်ဆို တာမျိုးပေါ့““ ဟု မြန်မာသံတော်ဆင့်သို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ် ခံချက်အရ ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့် သည် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက်နာယကတစ်ဦး အဖြစ်ပါဝင်ဆောင်ရွက် နေလျက်ရှိကြောင်းကိုလည်း ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့် သို့ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ စာအုပ်စစ်မှန်ပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဆိုပါစာအုပ်ကိုရေးသားခဲ့ သည့်နေရာဖြစ်သော ရန်ကုန်တက္ကသိုလ်တွင်မူ သမိုင်းဝင်ထားရှိလိုကြောင်း ဆန္ဒကို ပြည်ထောင်စုလွှတ်တော် နာယကသို့ထုတ်ဖော်ပြောကြားခဲ့ သော်လည်း ဦးခင်အောင်မြင့်အနေဖြင့်မူ နိုင်ငံတော်အဆင့် သမိုင်းဝင် ပစ္စည်းအနေဖြင့် သိမ်းဆည်းထားရန်သာလိုလားကြောင်း ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာသံတော်ဆင့်

Thit Htoo Lwin - News


0 comments:

Post a Comment