Monday, July 15, 2013

Monday, July 15, 2013 မန္တလေးတွင် တစ်လအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ငါးဦးကို အရေးယူ

မန္တလေး၊ ဇူလိုင် ၁၄

ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိသဖြင့်ဟုဆိုကာ မန္တလေးတိုင်း ဒေသကြီး တွင် တစ်လအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ငါးဦးကို အရေးယူခဲ့ကြောင်း အဆိုပါ တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့် ဇွန်လက ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးကို တာဝန်မှ ရပ်စဲခဲ့ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး သုံးဦးကို သတိပေးစာ ပေးပို့ ခဲ့ရကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ တာဝန်မှ ရပ်စဲခံခဲ့ရသည့် ရမည်းသင်းမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးသည် စိုက်ပျိုးစရိတ် ချေးငွေနှင့် ပတ်သက် ၍ တောင်သူများ ကိုယ်စား ဘဏ်သို့ သွားရောက် ထုတ်ယူရာတွင် ကုန်ကျစရိတ် စာရင်း အတိအကျ ရှင်းလင်းခြင်း မရှိသဖြင့် တာဝန်မှ ရပ်စဲ ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ အုပ်ချုပ်ရေးမှူးများ အနေနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိပါက တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြားနိုင်ပြီး မှန်ကန်ပါက တာဝန်မှ ရပ်စဲသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

“လုပ်ပုံကိုင်ပုံက လမ်းကြောင်းလွဲနေတာ၊ လုပ်ငန်းတွေ မကျွမ်းဘူးဆိုရင် မြို့နယ် အုပ်ချုပ်ရေးမှူးတွေ က တည့်မတ်ပေးတယ်။ အများပြည်သူ အတော်ထိခိုက်တာမျိုး မဟုတ်ရင်တော့ သတိပေးစာ ပို့ပေးတယ်” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း သက်ဆိုင်ရာ ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးသို့ ပေးပို့လာသည့် တိုင်ကြားစာ အားလုံးကို မှန်ကန်မှုရှိ မရှိ စစ်ဆေးမှု ရှိကြောင်း မှန်ကန်ပါက စစ်ဆေး အရေးယူမှုရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မြင်းခြံမြို့နယ်က ကံချောရွာမှာဆိုရင် ရာအိမ်မှူး အဟောင်းကိုပဲ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်ပြီး ရွာက ရွေးပေးတဲ့လူကို မခန့်လို့ တစ်ရွာလုံးက လက်မှတ်ထိုးပြီး ကန့်ကွက်ထားတာ ရှိတယ်” ဟု မြင်းခြံမြို့ ဒေသခံ ဦးမျိုးဟန်က ပြောဆိုသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးပေါင်း ၁၆၈၅ ဦး ရှိကာ ဇန်နဝါရီလ မှ စတင်ပြီး တစ်ဦးလျှင် ချီးမြင့်ငွေ ခုနစ်သောင်းကျပ်၊ ရုံးစရိတ် ငါးသောင်းကျပ် လစဉ် ပေးအပ်ထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ ထပ်မံ သိရသည်။

The Voice Weekly

0 comments:

Post a Comment