Saturday, July 20, 2013

Saturday, July 20, 2013 ဒေါ်အောင်ဆန်းစုကြည်နေအိမ် အာဇာနည်နေ့ ဆွမ်းကပ်တရားနာ သူရဦးရွှေမန်းတက်ရောက်

ရန်ကုန်၊ဇူလိုင် ၁၉

ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ကျဆုံးသွားသည့် အာဇာနည် ခေါင်းဆောင်များကို ရည်စူးပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်သည့် ဆွမ်းကျွေး တရားနာပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ပြုလုပ်သည့် အဆိုပါဆွမ်းကပ် တရားနာပွဲကို ဇူလိုင်လ ၁၉ ရက်နေ့ (အာဇာနည်နေ့) နံနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းဆွမ်းကျွေး တရားနာတွင် သီတဂူဆရာတော်ဒေါက်တာ အရှင်ဉာဏိဿရက ရေစက်ချ တရားချီးမြှင့်ခဲ့ကြောင်း NLD ပါတီဝင်များထံမှ သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲကို သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းကျင်းပခဲ့သည်။အဆိုပါ မီဒီယာ တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံး သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်လိုပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ပြိုင်နိုင်ရန် အခြေခံဥပဒေ ပြင်ဆင်ပေးမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက သတင်းမီဒီယာသမားများကို ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက်စဉ်က ၎င်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း ပြောကြားထားသည်။

ဇွန်လ ဒုတိယပတ်အတွင်း ပြည်သူ့လွှတ်တော်တွင် ပြုလုပ် ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာအချို့ တွေ့ဆုံပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေး ပါတီအားလုံးနှင့် လက်တွဲနိုင်ကြောင်း ပြောကြားထားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တပ်မတော် ထိပ်တန်းအရာရှိအဖြစ် ဆောင်ရွက်နေချိန်တွင် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ရှည် အကျဉ်းကျခံ နေရပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ရက်သတ္တတစ်ပတ် အကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာကာ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

The Voice Weekly

Thit Htoo Lwin - News

0 comments:

Post a Comment