Sunday, July 14, 2013

Sunday, July 14, 2013 ပြည်တော်ပြန်များနှင့် အခင်းအကျင်း

အကြမ်းဖက်ခံရပြီးနောက် ပြည်တော် ပြန်လာသည့် မလေးရှားရောက် မြန်မာလုပ်သားများကို စောင့်ကြိုနေသူများနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကြိတ်ကြိတ်တိုး စည်ကားနေသည်။ ထိုအထဲတွင် အသားညိုညိုဖြင့် ပါတိတ်ဝမ်းဆက် ဝတ်ဆင်ထားသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီး ဒေါ်နွယ်နွယ် အပါအဝင် ဖြစ်သည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ဆိုက်ရောက်မည့် Air-Asia လေယာဉ်တွင် လိုက်ပါလာမည့် သားဖြစ်သူကို မျှော်နေသူ အဆိုပါအမျိုးသမီးသည် ထိုင်ခုံတွင်မထိုင်ဘဲ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေပြီး အခြားသူများထက်ပို၍ စိတ်စောနေသည့်ပုံပင်။

လစာကောင်းရမည့် မျှော်လင့်ချက်နှင့် မလေးရှားနိုင်ငံသို့ ၂၀၀၅ ခုနှစ် နှစ်ဆန်း ပိုင်းတွင်ထွက်ခွာခဲ့သည့် သားဖြစ်သူမှာ ကနဦးကာလတွင် အထိုက်အလျောက် အဆင်ပြေခဲ့သော်လည်း နောက်ပိုင်းတွင် စာမလာ သတင်းမကြားခဲ့ဘဲ ရှစ်နှစ်ကြာ ပျောက်နေခဲ့ရာမှ ယခုပထမဆုံးပြန်လည် မြင်တွေ့ရတော့မည့် ဒေါ်နွယ်နွယ်၏ မျက်နှာက အပြုံးများဖြင့် ရွှင်လန်းနေသည်။
အဆိုပါ လေယာဉ်တွင် ထိုနေ့ကမလေးရှားနိုင်ငံက ပြန်လာသူ မြန်မာအလုပ်သမား ၂၀၀ ကျော် လိုက်ပါလာခဲ့သည်။အကြောက်တရားကြောင့် ပြန်လာသူများ

ဒေါ်နွယ်နွယ်၏ သားအပါအဝင် မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများကို ပြည်တော်ပြန်ရန် အနုတ်လက္ခဏာဆောင်သည့် တွန်းအားတစ်ရပ် ဖြစ်ပေါ်ခဲ့သည်။

လူဆိုးဂိုဏ်းများနှင့် ရာဇဝတ်မှုများဖြင့် ကျော်ကြားသည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ဆာလာယန်းဈေးကြီးနှင့် အခြားနေရာအချို့တွင် ယခုနှစ် မေလကုန်နှင့် ဇွန်လဆန်းတို့၌ အုပ်စုလိုက် ဝင်ရောက် ရိုက်နှက် အကြမ်းဖက်မှုများကြောင့် မြန်မာအနည်းဆုံး ငါးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပြီးနောက် အချို့သောမြန်မာများ ဆက်လက်မနေထိုင် ဝံ့တော့သဖြင့် ပြည်တော်ပြန်လာခဲ့ကြရာ ၎င်းတို့တွင် အကြောင်းအမျိုးမျိုးကြောင့် ပြန်လာသူများလည်း ပါဝင်ခဲ့ကြောင်း အဆိုပါ အလုပ်သမားများထံမှ သိရှိရသည်။

အကြမ်းဖက်မှုများသည် မလေးရှား နိုင်ငံရှိနေရာ အချို့တွင် ဖြစ်ပွားခဲ့ပြီး ယင်းဂယက်ကြောင့် မလေးရှားတွင် မြန်မာအလုပ်သမား ခုနစ်သိန်းခန့်ရှိသည့်အနက် ထောင်ဂဏန်းခန့်သော အလုပ် သမားများသာ ပြည်တော်ပြန်လာခဲ့ကြသည်။

အကြမ်းဖက်ခံရမှုများ ဖြစ်ပွားပြီး နောက်တွင် တရားဝင် အထောက်အထားမဲ့ နေထိုင်နေသည့် မြန်မာလုပ်သမားများကို ပြည်တော်ပြန်ခွင့်ရရေး အစိုးရက အထောက်အထား ထုတ်ပေးခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် စေတနာရှင် အသီးသီးက ငွေကြေးပိုင်းနှင့် ဝေဟင်ခရီးစဉ်များကို အကူအညီ ပေးခဲ့ကြသည်။

အကြမ်းဖက်ခံရမှုများ ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားများ မပြတ်တမ်း ပြည်တော်ပြန်လာခဲ့ကြရာ ဇူလိုင်လ ၉ ရက်နေ့အထိ အလုပ်သမား ၇၀၀၀ ကျော် ရှိသွားပြီဖြစ်ပြီး ၎င်းတို့တွင် သံရုံးက ထုတ်ပေးသည့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား (Certificate of Idenity) ဖြင့် ပြန်လာသူ ၈၀၀ ဦးကျော် ပါဝင်သည်
ပြည်ပရောက် မြန်မာလုပ်သားများ အရေးအတွက် သတိပေးသံ ဆူညံခဲ့သည့် မလေးရှားရောက် မြန်မာအလုပ်သမားများ အရေးကို နိုင်ငံတော်အစိုးရကလည်း ဒုတိယဝန်ကြီးအဆင့်ရှိသူ နှစ်ဦးပါဝင်သည့် အထူးကိုယ်စားလှယ်အဖွဲ့ကို မလေးရှားသို့ စေလွှတ်ကာ ဖြေရှင်းပေးခဲ့သည့်အပြင် မလေးရှားပြန် မြန်မာများ ပြည်တွင်းတွင် အလုပ်ရရှိရေးအတွက် အစိုးရက ပထဆုံးအကြိမ် လုပ်ဆောင်ပေးခဲ့သည်။

လေဆိပ်တွင် ကောင်တာဖွင့်ကာ အရာရှိတစ်ဦးကို ထားရှိပြီး ဝန်ဆောင်မှုပေးပြီး ရန်ကုန်မြို့ ရန်ကင်းမြို့နယ် (၁၃) ရပ်ကွက်၊ မြနန္ဒာလမ်း၊ အမှတ် (၂၉၈) ရှိ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန လုပ်သားများလုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းတွင်လည်း အလုပ်အကိုင် ရရှိရေးအတွက် ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက မလေးရှားနိုင်ငံက ပြန်လာသူများကို အလုပ်ရှာဖွေပေးခဲ့ရာ ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ အလုပ်လျှောက်ထားသူ ၂၃၇ ဦးရှိပြီး ယင်းအနက် ၂၁၇ ဦးကို အလုပ်ရှာဖွေပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။နယ်မြေဟောင်းမှာ ဟန်ကျပါ့မလား

အလုပ်အကိုင် အခွင့်အလမ်းများနှင့် လုပ်အားခများ မြန်မာနိုင်ငံထက် သာလွန်မှုကြောင့် ရေကြည်ရာ မြက်နုရာ ထွက်ခွာခဲ့သည့် ၎င်းတို့အဖို့ တွက်ကိန်း လွဲချော်ခဲ့ရသည်။ ပြည်တော်ပြန်လာသူများ ပြည်ပ သို့ ပြန်လည်မထွက်ခွာရန် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရှိရန်ရေးကား အထူးလိုအပ်နေပေသည်။

ဘဝအဆင်ပြေရေးအတွက် ပြည်ပထွက်ခွာ၍ စွန့်စားခန်းဖွင့်ခဲ့ကာ အလုပ်လုပ်ကိုင် ခဲ့ကြသူများကို အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသည့် မြန်မာနိုင်ငံ ပြည်တွင်း အလုပ်အကိုင်များက ၎င်းတို့၏ စွန့်စားလိုစိတ်ကို မည်မျှ နှစ်သိမ့်ပေးနိုင်မည်နည်း။

မလေးရှားနိုင်ငံတွင် လုပ်ကိုင်ခဲ့သည့် လုပ်အားခ နှုန်းထားထက် ပြည်တွင်းတွင် လုပ်အားခ နည်းပါးသော်လည်း လုံခြုံမှု ရှိကြောင်း မိမိနိုင်ငံပြန်လာသူ မကွေးတိုင်းဒေသကြီး ပခုက္ကူဇာတိ ဦးမျိုးဝင်းက ပြောကြားသည်။

နေပြည်တော်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် အလုပ်ရရှိနေပြီ ဖြစ်ပြီး ၎င်းနှင့်အတူ မလေးရှားနိုင်ငံက ပြန်လာသည့် သူငယ်ချင်းတစ်ယောက်လည်း ယင်းလုပ်ငန်းတွင် အလုပ်ရရှိနေပြီ ဖြစ်ကြောင်း ဦးမျိုးဝင်းက ထပ်မံပြောဆိုသည်။
“မလေးမှာတုန်းက တစ်လသုံးသိန်းလောက် အိမ်ပို့နိုင်တယ်။ အခုတစ်ရက် ငါးထောင်နဲ့ အလုပ်ဝင်နေတယ်” ဟု ၎င်းက မလေးရှားတွင် အလုပ်လုပ်စဉ် ရရှိသည့် လစာထက် တစ်ဝက်ကျော် နည်းပါးသွားပုံကို ပြောပြသည်။

မလေးရှားရင်းဂစ် လက်ရှိပေါက်ဈေးနှင့် ဆူပူအကြမ်းဖက်မှု ဂယက်များကြောင့် လတ်တလောတွင် မလေးရှား အပါအဝင် ပြည်ပနိုင်ငံများသို့သွားရန် စိတ်ကူးမရှိသေးကြောင်း ပြည်တွင်းလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် မလေးရှား ပြန်မြန်မာများက ပြောကြားသည်။ရေကြည်ရာသို့

မလေးရှားနိုင်ငံတွင် မြန်မာများ အကြမ်းဖက်ခံရမှုများသည် နေရာအချို့တွင် ဖြစ်ပွားခဲ့သော်လည်း မလေးရှား အလုပ်သမား ဈေးကွက်ကို ထိခိုက်မှု မရှိကြောင်း၊ မလေးရှားသွားရောက် လုပ်ကိုင်လိုသူများ အလုပ်ခေါ်စာ (Calling Visa) သက်တမ်း ကုန်ခါနီးပြီ ဖြစ်သော်လည်း အစိုးရက မလေးရှား အလုပ်သမားပို့ခွင့် ပိတ်ထားသဖြင့် အခက်အခဲ ဖြစ်နေကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ဆူပူအကြမ်းဖက်ခံရမှုများ ပြင်းထန်ခဲ့သော်လည်း ပြန်လာသူဦးရေ နည်းပါးနေသည်ကို တွေ့ရှိရပြီး မလေးရှားနိုင်ငံသို့ အလုပ်သမား သွားရောက်လုပ်ကိုင်မှုများ လျော့ကျသွားနိုင်ခြေ မရှိကြောင်း၊ ပြည်တွင်းတွင် အလုပ်လက်မဲ့ဦးရေ များသည်နှင့်အမျှ ပြည်ပသို့ ယိုစီးနေလိမ့်မည် ဖြစ်ကြောင်း ဖွံ့ဖြိုးရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ခံရမှုကြောင့် ပြန်လည်ရောက်ရှိလာသူများအနက် အနည်းစုသာ အလုပ်ရရှိထားကြသည်ကိုတွေ့ရှိရပြီး မလေးရှား နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများကို ထပ်မံ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသူများလည်း ရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

မလေးရှားနိုင်ငံကဲ့သို့ လုပ်ခလစာ ထူးမခြားနားရရှိသော နိုင်ငံများကို သွားရောက်မလုပ်ကိုင်ရန် အလုပ်သမားများက ပြောဆိုကြသော်လည်း လုပ်ခအပါအဝင် အကျိုးခံစားခွင့်များ ကောင်းမွန်သည့် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့တွင် သွားရောက်လုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း မလေးရှားနိုင်ငံက ပြန်လာသည့် အလုပ်သမားများက ဆိုပါသည်။

ပြည်တော် ပြန်လာသူများတွင်လည်း လုပ်သက်ကြာမြင့်ခဲ့ပြီး ငွေကြေး စုဆောင်းမိသူများက ပြည်တွင်းတွင် အခြေချနိုင်ပြီး မပြန်ချင်ဘဲ ပြန်ခဲ့ရသူများဆိုလျှင် ပြည်တွင်းတွင် သင့်တင့်သည့် အလုပ်အကိုင်မျိုး မရှိပါက ပြန်လည် ထွက်ခွာနိုင်ကြောင်း အထက်ပါ ဖွံ့ဖြိုးရေးပညာရှင်က ထပ်မံ သုံးသပ်သည်။

ရှစ်နှစ်ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ ဝေဟင်ခရီးမှ ပြည်တော်ပြန်လာသော သားဖြစ်သူကို စောင့်မျှော်နေသူ ဒေါ်နွယ်နွယ်က “ဘာကြောင့်ပဲ ပြန်လာ ပြန်လာ၊ ပြန်လာတာ ဝမ်းသာတယ်” ဟု ရင်ဖွင့်သည်။


(ခင်မြန်မာအောင်၊ အောင်မြင့်ထွန်း) - The Voice Weekly

0 comments:

Post a Comment