Thursday, July 18, 2013

Thursday, July 18, 2013 ဒုဗိုလ်ချုပ်ကြီးဝေလွင်၏ ဇနီး သိမ်းဆည်း ရယူထားသော လယ်ယာမြေများတွင် တောင်သူများ ပြန်လည်ဝင်ရောက်လုပ်ကိုင်လျှက်ရှိ

နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ် ၊ ဂူနှစ်လုံးဆည်စု ကျေးရွာအုပ်စု အတွင်းရှိ ကိုင်းပလွေးကွင်း အမှတ်(၁)တွင် ၂၀၁၀ ခုနှစ်အတွင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၏ ဇနီး ဒေါ်ဆွေဆွေဦး အမည်ဖြင့် သိမ်းဆည်း ရယူထားသော နေရာတွင် ယခုနှစ် ၂၀၁၃ စိုက်ပျိုးရာသီတွင် တောင်သူများ ပြန်လည် ၀င်ရောက် လုပ်ကိုင်လျှက်ရှိကြောင်း တောင်သူများထံမှ သိရသည်။

အဆိုပါနေရာတွင် လက်ငုတ်လုပ်ကိုင်သူ တောင်သူများ ရှိနေသော်လည်း သစ်တောမြေဖြစ်သည် ဟုဆိုကာ တောအုပ် ဦးသိန်းဟန်မှ တောင်သူများကို ဖယ်ရှား မောင်းထုတ်ခဲ့ပြီး ဒေါ်ဆွေဆွေဦး အမည်ဖြင့် ပုဂ္ဂလိက ကျွန်းစိုက်ခင်း ဧက(၁၀၀)ဟု ဆိုင်းဘုတ်တင် သိမ်းဆည်း ရယူသွားခဲ့ခြင်း
ဖြစ်သည်။

ထိုသို့ စတင် သိမ်းဆည်းစဉ်က ဒုဗိုလ်ချုပ်ကြီးဝေလွင် ကိုတိုင် တောင်သူများ နှင့် လာရောက်တွေ့ဆုံ၍ တောင်သူများ နစ်နာမှု မရှိအောင် ဆောင်ရွက်ပေးပါမည်ဟု ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

ထိုသို့ဖြင့် တောင်သူများအား ဖယ်ရှားပေးရန် ပြောဆိုပြီး ၎င်းတို့ ၀င်ရောက်လာပြီးနောက် ဖယ်ရှားပေး ခြင်းမရှိသည့် တောင်သူတဲများကို ဖျက်စီးသွားခြင်း ၊ မီးရှို့သွားခြင်းများလည်း ရှိခဲ့ကြောင်း ၊ ထိုသို့
လာရောက် လုပ်ဆောင်ကြသူများမှာ စစ်သားများ ဖြစ်ကြောင်း ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည့် လယ်သမားများက ဆိုသည်။အဆိုပါ သိမ်းဆည်းမှု ဖြစ်စဉ်အား နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဌအထိ တင်ပြတိုင်ကြားခဲ့ပြီး မြေယာ စုံစမ်းရေးကော်မရှင်သို့လည်း တင်ပြတိုင်ကြားမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

 ဒက္ခိဏသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းမှလည်း လယ်သမားများ အတွက် ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် သိမ်းဆည်းခဲ့သော လယ်ယာမြေများအတွက် ၂၀၁၂ခုနှစ် တွင်မှ ခေါ်ယူ၍ လယ်တစ်ဧကလျှင် နှစ်သိန်းနှုန်းဖြင့် မုန့်ဖိုးပေးခဲ့သည်ဟု ဆိုသည်။

လယ်မြေမရှိဘဲ ယာမြေသာ ရှိသော တောင်သူများမှ တပြားတချပ်မှ မရသဖြင့် တင်ပြတိုင်ကြားမှုများ ပြုလုပ်ခဲ့ ကြခြင်း ဖြစ်သည်။

အဆိုပါ နှစ်သိန်းနှုန်း ပေးချေသည်ကိုလည်း တောင်သူများအနေဖြင့် ကျေကျေနပ်နပ် လက်ခံခဲ့ကြခြင်း မဟုတ်ဘဲ မုန့်ဖိုးဟု ပြောကာ ပေးချေခြင်း ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုးမှ “ဘယ်ဗိုလ်ချုပ်မှ ဒီလို မပေးဘူး။ ဗိုလ်ချုပ်ဝေလွင်ကသာ စေတာကောင်းလွန်းလို့ ပေးတာ” ဟု
ပြောဆိုလိုက်ကြောင်း သိရသည်။

အဆိုပါ လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ တင်ပြ တိုင်ကြားမှုများကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သော် လည်း ဖြေရှင်းဆောင်ရွက်ပေးမည့်သူ ပေါ်ပေါက်မလာခြင်းကြောင့် ယခုနှစ်စိုက်ပျိုးရာသီတွင် တောင်သူများ အနေဖြင့် ပြန်လည်ဝင်ရောက် လုပ်ကိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

တောင်သူများ ၀င်ရောက်လုပ်ကိုင်သည်ကို တားမြစ်ပြီး ငွေကြေးဖြင့် ညှိနှိုင်းမည်ဟု ပြောဆိုမှုများလည်း ရှိခဲ့သည်။ တောင်သူများ ၀င်ရောက်လုပ်ကိုင်နေ စဉ် ဒေါ်ဆွေဆွေဦး၏ အဆောင့်တဲမှ အရာခံဗိုလ်က ခြံစည်းရိုးခတ်ရန် စီစဉ်သဖြင့် တောင်သူများအနေဖြင့် တားမြစ်ခဲ့သည်။ ပြေလည်အောင် ညှိနှိုင်းဖြေရှင်းမှု မပြုသ၍ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ခဲ့ခြင်း ဖြစ်သည်။ယခုကာလလွှတ်တော်တွင် တပ်မတော်သိမ်း လယ်ယာကိစ္စများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဝေလွင်ကိုယ် တိုင် ပြန်ပေးမည်ဟု ပြောဆိုနေသည့် သတင်းများကြား သိရသည်။

လယ်သမားများအနေဖြင့် ၎င်းတို့ကိစ္စ ဖြေရှင်းပေးနိုး မျှော်လင့် နေကြသော်လည်း ၎င်းတို့သိမ်းဆည်းခံထားရသော အခြေအနေမှာ တပ်မတော်အတွက် မဟုတ်ဘဲ ဒုဗိုလ်ချုပ်ကြီးဝေလွင်၏ ဇနီး ဒေါ်ဆွေဆွေဦးအတွက် သိမ်းဆည်းထားခြင်းသာ ဖြစ်၍ တပ်မတော် သိမ်းမြေများ ပြန်ပေးလို့လည်း သူတို့ပြန်ရအုံးမည် မဟုတ်ကြောင်း နားလည်သဘော ပေါက်ထားကြသည်။

အဆိုပါနေရာတွင် ဧက(၁၀၀)ဟု ဆိုင်းဘုတ်တင်ထားသော်လည်း သိမ်းဆည်းထားသည့်ပမာဏမှာ ဧက ၁၀၀ကျော်တွင် ရှိနေကြောင်း ၊ လက်ရှိ တောင်သူများ အနေဖြင့် စပါး ၊ နှမ်း ၊ ပြောင်း စသည့် အစဉ်အဆက် လုပ်ကိုင်စားသောက်ခဲ့ ကြသလို ပြန်လည် ၀င်ရောက်စိုက်ပျိုး လုပ်ကိုင်လျှက်
ရှိသည်။

ထွန်းထက်

0 comments:

Post a Comment