Thursday, July 18, 2013

Thursday, July 18, 2013 မျိုးစောင့်ဥပဒေ မန္တလေးတွင် နောက်ဆုံးကောက်ခံ

ဇူလိုင်လ ၁၈ ရက်
မန္တလေးတွင် “မျိုးစောင့်ဥပဒေ” အတွက် ဇူလိုင်လ ၁၇ ရက်ကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ကာ လူစည်ကားသောနေရာများနှင့် ကားဂိတ်များတွင် နေရာအနှံ့တွင် ဌာနများဖွင့်ပြီး နေ့လည် ၃ နာရီအထိ ကောက်ခံခဲ့ကြသည်။

နံနက် ၈ နာရီမှ စကာ ကောက်ခံမှုတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ လာရောက်မေးမြန်းမှုများရှိပြီး အကူအညီပေးနေသော သံဃာတော်များ၏ ဘွဲ့နာမည်နှင့် လူငယ်များ၏ နာမည်များကို လာရောက်ယူသွားခဲ့သည်။

“ကျွန်တော်တို့က မတားပါဘူး။ အထက်ကို သတင်းပို့ရမှာမို့ပါ။ လူစာရင်းတောင်းတာပါ။ နှောင့်ယှက် ဟန့်တားမှုမျိုး မလုပ်ပါဘူး” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ထိုသို့လက်မှတ်များ ကောက်ခံရန် ပရဟိတအသင်းတချို့အား အကူအညီတောင်း ခံခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာဦးရေနှင့် နှိုင်းယှဉ်လျှင် ကောက်ခံရရှိထားသော လက်မှတ်အရေအတွက်သည် နည်းနေသေးကြောင်း ဆရာတော်များက မိန့်ကြားကြသည်။

ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသူ မစန္ဒာချိုက “ကျွန်မတို့က ဒီဥပဒေမျိုးရှိသင့်တယ်ထင်လို့ ထိုးတာပါ။ ရှိလည်း ရှိသင့်တယ်။ ဗမာအမျိုးသမီးတွေရဲ့ဘ၀တွေ ပိုမိုလုံခြုံတာပေါ့” ဟုပြောသည်။

“ဒီကိစ္စမျိုးကို လုံးဝထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဖြစ်နေတာတွေ၊ ကြားနေရတာတွေက ကြောက်ဖို့ကောင်းနေပြီ။ အားကိုးရာမရှိဘူး။ ကာကွယ်ပေးမှု အားနည်းတယ်။ အခုလိုမျိုး ဥပဒေပေါ်လာ စေချင်တယ်” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မအေးသန္တာဝင်းကပြောသည်။

ထိုသို့ကောက်ခံမှုကို မန္တလေးမြို့နေရာ ၅၀ ခန့်တွင် အဖွဲ့များခွဲ၍ လက်မှတ်များ ကောက်ခံလျက်ရှိပြီး ညနေ ၆ နာရီအထိ ကောက်ခံသွားမည်ဖြစ်သည်။ရန်ကုန်တွင်လည်း မြောက်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်များတွင်လည်း ဇူ လိုင်လ လဆန်းမှစတင်ကာ ကောက်ခံမှုများရှိခဲ့ပြီး ဇူလိုင်လ ၇ ရက်အထိ မြောက်ဥက္ကလာမြို့နယ် ၊ (၂) ရပ်ကွက်တစ်ခုထဲတွင်ပင် လက်မှတ်ပေါင်း နှစ်သောင်းနှစ်ထောင် ရှိပြီဖြစ်ကြောင်းသိရသည်။

မျိုစောင့်ဥပဒေဟု ခေါ်ဝေါ်နေသော ဥပဒေကြမ်းနှစ်ခုသည် “မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း” နှင့် “ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင်ဥပဒေကြမ်း” တို့ဖြစ်သည်။

ထိုဥပဒေကို ဇွန် ၁၂ ရက်က မှော်ဘီဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

ထိုဥပဒေများကို ဘုန်းတော်ကြီးအချို့က ရေးဆွဲထားခြင်းဖြစ်ပြီး “မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း” တွင် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ် မည့်သူသည် တရားဝင်ဗုဒ္ဓဘာသာ ဖြစ်ရမည်ဖြစ်ပြီး၊ ဘာသာခြားဖြစ်ခဲ့သူက ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ်ရရှိထားရန် လိုအပ်ကြောင်းပါရှိသည်။ ထိုကိစ္စကိုမလိုက်နာပါက ထောင်ဒဏ် ၁၀ နှစ်ကျခံရမည်ဟုလည်း ပြစ်ဒဏ်ကို တစ်ပါတည်းထည့် သွင်းရေးဆွဲထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။

လက်မှတ်ကောက်ခံမှုကို ၂၀၁၂ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့ပြီး ၂၀၁၃ ဧပြီလတွင် ပိုမိုထင်ရှားလာခဲ့သည်ဟု မန္တလေးတွင် လက်မှတ်ကောက်ခံသူများကပြောသည်။ ထောက်ခံလက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရှစ်သန်းရရှိရန် မျှော်မှန်းပြီး မန္တလေးတွင်မူ ငါးသိန်းရရှိနိုင်သည်ဟုလည်း ဆိုသည်။

အောင်ကိုဦး
Mizzima - News in Burmese

0 comments:

Post a Comment