Wednesday, July 10, 2013

ရခိုင်ပြည်နယ် မှာ နှစ်ဘက်ပြန်လည်သင့်မြတ်ရေး UNDP လုပ်ဆောင်မည်

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင် ရိုဟင်ဂျာတွေအကြား နှစ်ဘက်ပြန်လည်သင့်မြတ်ရေးတွေအတွက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNDP က ဦးဆောင်ပြီး အကောင်ဖော်ဆောင်ရွက်သွားတော့မယ်လို့ သိရပါတယ်။
ဒီကနေ့ စစ်တွေမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ Programme Manager ဦးသင်းခိုင်က သတင်းထောက်တွေကို အခုလို ပြောခဲ့တာပါ။
"ချစ်ကြည်ရင်းနှီးမှုလုပ်ငန်းတွေကို မောင်တောမြို့နယ်မှာ ကျေးရွာအုပ်စုတစ်စု ရွာပေါင်း ၅ ရွာခန့်ပါဝင်တဲ့အဖွဲ့နဲ့ ဇူလိုင်လကနေ စတင်တော့မှာဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ် ဇွန်လမတိုင်မီက ဒီနှစ်ဘက်ရဲ့ဆက်ဆံရေး အနေအထားမျိုးရောက်အောင် ပြန်လုပ်ချင်တာ ကျနော်တို့ရဲ့ မျှော်မှန်းချက်ပါ"
ဒါ့အပြင် ပထမဦးဆုံးအနေနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ရခိုင်ပြည်နယ် မောင်တောခရိုင် အပါအင် အရှေ့ပိုင်းမြို့နယ်တွေက နေရာ ၃ ခုမှာ ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီမြို့နယ်တွေမှာ အောင်မြင်သွားခဲ့ရင် တခြားမြို့နယ်တွေမှာလည်း လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအနေအထားအရ တစ်ဘက်နဲ့ တစ်ဘက် ယုံကြည်မှုကင်းမဲ့နေသေးတဲ့အတွက် ပထမဦးစွာ ယုံကြည်မှုအပိုင်းကို စတင်လုပ်ဆောင်သွားရမှာဖြစ်သလို နှစ်ဦးနှစ်ဘက် ချစ်ခင်ရင်းနှီးမှုတွေ ရရှိလာတဲ့အနေအထားအထိ အချိန်ယူကာဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဦးသင်းခိုင်က ပြောပါတယ်။
UNDP အနေနဲ့ မောင်တောမြို့နယ်အတွင်း ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေအတွက် နှစ်ပေါင်း ၁ ကျော်ကြာအောင် ဆောင်ရွက်ခဲ့ပေမဲ့ ပြီးခဲ့နှစ်ဇွန်လကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မောင်တောမြို့နယ်က လုပ်ငန်းအောင်မြင်မှုတွေဟာ သုညအဆင့်ထိ ပြန်ရောက်ခဲ့ရပြီး အဲဒီဖွံ့ဖြိုးမှုဆိုင်ရာ အစီအစဉ်တွေကိုလည်း ပြန်လည်လုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု ပပျောက်အောင် ကုလသမဂ္ဂနဲ့ မြန်မာ့တပ်မတော် ပူးပေါင်းဆောင်ရွက်ချက်နဲ့  သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြဌာန်းထားချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

0 comments:

Post a Comment