Wednesday, July 10, 2013

Wednesday, July 10, 2013 ဒလိုင်းလားမားမွေးနေ့ ဆုတောင်းပွဲ တရုတ် ရဲတပ်ဖွဲ့ ပစ်ခတ် နှိမ်နင်း

စီချွမ်၊ ဇူလိုင် ၉

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ဒိုဖူ ဒေသတွင် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် တိဘက် ဘုန်းတော်ကြီးများနှင့် တိဘက်များက စုပေါင်း၍ ဆုတောင်းခြင်း၊ အမွှေးတိုင်များ ထွန်းခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းကို တရုတ် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

တိဘက် ခွဲထွက်ရေး လှုပ်ရှားမှု ပြည်ပြေး ခေါင်းဆောင်ဖြစ်သူ ဘုန်းတော်ကြီး ဒလိုင်းလားမား၏ မွေးနေ့ အထိမ်းအမှတ်ပွဲအဖြစ် စီချွမ်ပြည်နယ် ဒိုဖူဒေသရှိ တောင်ပေါ်နေရာ တစ်ခုတွင် တိဘက် ဘုန်းတော်ကြီးများနှင့် တိဘက်များက စုဝေး၍ ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆုတောင်းပွဲ ပြုလုပ်သူများကို တရုတ်ရဲက သေနတ်၊ မျက်ရည်ယိုဗုံး များဖြင့် ပစ်ခတ်ခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

တရုတ် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တိဘက် ဘုန်းကြီးတစ်ပါး ဦးခေါင်း တွင် သေနတ်ထိမှန်ခဲ့ကြောင်း တိဘက်အရေး အပြည်ပြည်ဆိုင်ရာ လှုံ့ဆော်ရေးအဖွဲ့ (International Campaign for Tibet) က သတင်း ထုတ်ပြန်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဘေဂျင်း အစိုးရအနေနှင့် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိပေ။

ထို့ပြင် ဘီဘီစီ သတင်းဌာနက စီချွမ်ပြည်နယ် ဒိုဖူ ဒေသ အာဏာပိုင်များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။
တရုတ် အစိုးရက ပြည်ပ ဂျာနယ်လစ်များကို တရုတ်ပြည်တွင်း ဝင်ခွင့်ကို တင်းကျပ်ထားရာ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အတည်ပြုရန်အတွက် အခက်အခဲရှိကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

တိဘက် ပြည်ပြေး သတင်းဌာန တစ်ခုဖြစ်သော Phayul တွင် ဖော်ပြ ထားချက်အရ အဆိုပါ ဆုတောင်းပွဲကို တရုတ် ရဲတပ်ဖွဲ့က ပစ်ခတ် ခဲ့ခြင်းကြောင့် တိဘက် ဘုန်းကြီးတစ်ပါး ဦးခေါင်းကို ထိမှန်ခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း၊ နောက်ထပ် လူ လေးဦးမှာလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

“ရဲတွေက ကား ပြတင်းပေါက်တွေ၊ တံခါးတွေကို ရိုက်ခွဲပြီးတော့ အဲဒီမှာ စုဝေး ဆုတောင်းနေကြတဲ့ တိဘက်တွေကို စရိုက်တာပါပဲ။ နောက် ပြီးတော့ သေနတ်နဲ့ ပစ်ပြီး လူစုခွဲခဲ့တာပါ” ဟု ဒေသခံ တစ်ဦးက လွတ်လပ်သော အာရှအသံ သတင်းဌာနကို ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ တစ်ဦးမှာ ၂၀၁၁ ခုနှစ်က မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့သည့် သီလရှင် တစ်ပါးနှင့် မောင်နှမ တော်စပ်သူ တစ်ဦးဖြစ်ကြောင်း Phayul သတင်းတွင် ဖော်ပြထားသည်။

တိဘက်ဒေသကို တရုတ် အစိုးရက အုပ်ချုပ်နေခြင်းကို ဆန့်ကျင်သည့် အနေနှင့် မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့သူ အရေအတွက်မှာ လူဦးရေ ၁၁၀ ထိ ရှိသွားပြီ ဖြစ်သည်။

၎င်းတို့ထဲမှ အများစုမှာ တိဘက် ရဟန်းတော်များနှင့် သီလရှင်များ ဖြစ်ကြ သည်။

ယင်းကဲ့သို့ မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမှုများမှာ တိဘက် ပြည်သားများ အများအပြားရှိသည့် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် အဖြစ်များသည်။

တရုတ် အစိုးရက တိဘက်အရေး လှုပ်ရှားသူ ဒလိုင်းလားမားအတွက် ဝတ်ပြု ဆုတောင်းပွဲများ ကျင်းပခြင်းကို ထိန်းချုပ်ထားခြင်းအပေါ် လျှော့ပေါ့ပေး လိုက်သည်ဟူသော သတင်းကို တရုတ်အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့် လ နှောင်းပိုင်းက ပယ်ချခဲ့သည်။

ယခု ဝတ်ပြု ဆုတောင်းပွဲသည် တရုတ် အစိုးရက ဒလိုင်းလားမားနှင့် ပတ်သက်သော ဆုတောင်းပွဲများ အပေါ် ထိန်းချုပ်မှုများကို ဖြေလျှော့ပေး လိုက်ပြီဟူသော သတင်း ထွက်ပေါ်လာပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment