Monday, August 5, 2013

၂၅ နှစ်ကြာ လက်နက်ကိုင်ခဲ့သည့် ABSDF ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်မည့် ပထမဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်လာ

နန်းလွင်နှင်းပွင့် | အင်္ဂါနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ် ၀၆ နာရီ ၄၇ မိနစ် 

 
၂၅ နှစ်ကြာ လက်နိုင်ကိုင် တိုက်ပွဲဝင်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF
နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ဩဂုတ်လ ၅ ရက်တွင် အပြီးသတ် ငြိမ်းချမ်းရေးရရှိရန် ဒုတိယ
အဆင့်ဖြစ်သော ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။

အပြီးသတ်ငြိမ်းချမ်းရေးအတွက် နောက်ဆုံးအဆင့်ဖြစ်သည့်  ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများကိုမူ ဩဂုတ်လ ၁၀ ရက်တွင် ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ရှိသည့်အနက် ABSDF သည် ပြည်ထောင်စု
အဆင့်ဆွေးနွေးပွဲသို့ ပထမဆုံး တက်ရောက်ဆွေးနွေးမည့်အဖွဲ့လည်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် ဆွေးနွေးရန် ABSDF မှ ကိုယ်စားလှယ်များ ဖွဲ့စည်းပြီးဖြစ်သည်ဟုလည်း ABSDF မှ ဥက္ကဋ္ဌ ရဲဘော် သံခဲက ပြောသည်။

“ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ပြန်လည် ဖွဲ့စည်းနေပါပြီ၊ ဗဟိုကော်မတီ၊ အနောက်ဘက်၊ မြောက်ဘက်က ကိုယ်စားလှယ်တွေလည်း အကုန်ပါပါတယ်၊ ဆွေးနွေးဖို့ကို လူအင်အားပြည့်ပြီ” ဟု
ပြောသည်။

ပြည်နယ်အဆင့်ဆွေးနွေးမှုတွင် သဘောတူညီချက်များအဖြစ် ABSDF နှင့် အစိုးရတပ်တို့ ဆွေးနွေးမှုများ ဆက်လက်
ပြုလုပ်ရန်၊ ပစ်ခတ်မှုများမရှိရန်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်မှုမရှိရေး နှစ်ဖက်ထိန်းသိမ်းရန်၊ ABSDF တပ်ဖွဲ့ဝင်များ
မြန်မာနိုင်ငံအတွင်း လက်နက်မပါရှိဘဲ ဥပဒေနှင့်အညီ သွားလာနိုင်ရန်တို့ကို သဘောတူလက်မှတ်ထိုးခဲ့ကြသည်။

ပြည်ထောင်စုအဆင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ကျောင်းသားတပ်ဦးဘက်မှ နိုင်ငံပြုပြင်ပြောင်းလဲမှုများ၊ တိုင်းရင်းသားတို့ လိုအပ်ချက်များနှင့်စပ်လျဉ်းသည့် အချက် ၁၂ ချက်အား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီသို့ ပေးပို့ထားပြီးဖြစ်သည်။

“၁၂ ချက်တော့ ကျန်နေသေးတယ်၊ အခုက အရင်ကလို မဟုတ်တော့ပါဘူး၊ ကျွန်တော်တို့က စနစ်ပြောင်းသွားပြီ၊ သဘောမတူတာကို ဆက်ဆွေးနွေးမှာပေါ့၊ နောက်မဆုတ်ကြေး၊ အဖြေတစ်ခု မရမချင်း မညှိသေးနိုင်သမျှ စားပွဲဝိုင်း
မှာထိုင်ပြီး ဆွေးနွေးမှာပေါ့၊ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ တည်ဆောက်ရေး ကဏ္ဍတွေမှာလည်း လက်တွဲ သွားမှာပါ၊ အရင်ကလို ရန်သူတွေမှ မဟုတ်တော့တာ” ဟုလည်း ရဲဘော်သံခဲကပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပြီး ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာလျှင် ကျောင်းသားတပ်ဦးက နိုင်ငံရေးဆွေးနွေး
မှ ထွက်ရှိ လာသည့် အဖြေပေါ်မူတည်ကာ ရပ်တည်သွားရန် ABSDF က ရည်ရွယ်ထားသည်။

လက်ရှိ ပြည်နယ်အဆင့် ဆွေးနွေးပြီးသည့် အခြေအနေတွင် ဆက်ဆံရေးရုံးအား မြဝတီမြို့တွင်ထားရှိမည်ဖြစ်ပြီး အခြားဆက်ဆံရေး ရုံးများအား ထပ်မံထားရှိရန် ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေး သွားမည်
ဖြစ်သည်။

ပဋိပက္ခများ လုံးဝချုပ်ငြိမ်းသွားရန်နှင့် သဘောတူညီမှုများ ဆက်လက်ထိန်းသိမ်းရန် အစိုးရတွင် ပို၍တာဝန်ရှိသည်ဟု
လည်း ရဲဘော်သံခဲကဆိုသည်။

“ငြိမ်းချမ်းရေးဆိုတာက နှစ်ဖက်တည်းလည်း လုပ်လို့မရတော့ နောက်ပိုင်းမှာ အစိုးရ၊ စစ်တပ်၊ နိုင်ငံရေး ပါတီ၊ လက်နက်ကိုင်အဖွဲ့တွေ စုဆုံမှရမယ်၊ ဒါမှလည်း အားလုံး ပြောပြောနေတဲ့၊ ဦးတည်နေတဲ့ ပင်လုံစိတ်ဓါတ်ရှိတဲ့ ညီလာခံ
ဆိုတာဖြစ်လာမှာပါ၊ တိုင်းရင်းသားအခွင့်အရေးတွေရဖို့၊ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့လည်း လက်ရှိအင်အားကြီးတဲ့ အစိုးရ
ဘက်က ပိုပြီးတာဝန်ရှိတယ်လို့ မြင်တယ်” ဟု ပြောသည်။

ဩဂုတ်လ ၅ ရက် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မြန်မာ့ငြိမ်းချမ်းရေးဂေဟာတွင် ပြုလုပ်သည့် ဆွေးနွေးပွဲသို့  ABSDF မှ ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းတို့အပြင် ABSDF မြောက်ပိုင်းမှ ကိုယ်စားလှယ် ငါးဦး၊ အနောက်ဘက် အိန္ဒိယမှ ကိုယ်စားလှယ် ငါးဦး ထိုင်းနယ်စပ်မှ စစ်ဗျူဟာမှူးများ၊ ကိုယ်စားလှယ်များတက်ရောက် ဆွေးနွေးခဲ့ကြသည်။

ကျောင်းသားတပ်မတော်ဟု ခေါ်တွင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁ ရက် ထိုင်းမြန်မာနယ်စပ် တစ်နေရာတွင် စတင်ဖွဲ့စည်းခဲ့ပြီး တပ်ဦး၏ ပထမဆုံးဥက္ကဋ္ဌမှာ ရဲဘော် ထွန်းအောင်ကျော် ဖြစ်သည်။

0 comments:

Post a Comment