Thursday, August 1, 2013

ကလေးမိခင် လေးဦးနှင့် အဘွားအိုနှစ်ဦးအပါအ၀င် အဖမ်းခံကြသည့် ရေလုပ်သား၂၅ဦး ကို အချုပ်ထဲ ထည့်ထား

မင်းမင်း | ကြာသပတေးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၅ မိနစ် 

 ငါးခိုးဖမ်းသည်ဟု အင်းသူကြီးက စွပ်စွဲ တိုင်ကြားခံထားရသဖြင့် ရဲစခန်းတွင် စုပေါင်း အဖမ်းခံခဲ့သည့် ပန်းတနော်
မြို့နယ် ခနွဲကဘိုရွာမှ ရေလုပ်သား ၂၅ ဦးကို ဇူလိုင် ၃၁ ရက်က မြို့နယ်တရားရုံးတွင် စစ်ဆေးပြီး နောက် ရဲစခန်းရှိ အချုပ်ခန်းသို့ ထည့်ထားလိုက်သည်ဟု ထိုရွာမှ ရွာသားများက မဇ္ဈိမကို ပြောသည်။

အဆိုပါ ၂၅ ဦးအနက် အမျိုးသမီး လေးဦးသည် သားသည်မိခင်များ ဖြစ်ပြီးနောက် ထပ်နှစ်ဦးမှာ အသက် ၆၀ ခန့် အဘွားအိုများ ဖြစ်ကြသည်ဟု ဒေသခံများက ပြောသည်။

“သူတို့ကို တရားရုံးကနေ ကားနဲ့ တင်သွားပြီး ရဲစခန်းက အချုပ်ထဲ ထည့်ထားတာဗျ။ တော်တော် စိတ်မကောင်း
ဘူးဗျာ။ သူတို့မိသားစုတွေက ငိုကြ ယိုကြနဲ့”ဟု ကိုယ်တွေ့ မြင်ရသည့် ခနွဲကဘိုရွာသား ဦးဝင်း ကြည်က မဇ္ဈိမကို
ပြောသည်။

ထိုရေလုပ်သား၂၅ ဦးမှာ ၎င်းတို့ရွာမှ ပန်းတနော်ရဲစခန်းသို့ သွားရောက်အဖမ်းခံကြစဉ် ရဲစခန်းက မြို့နယ် တရားရုံးသို့ ၎င်းတို့ကို ခေါ်ဆောင်သွားပြီးနောက် တရားရုံးက အမှုစစ်ပြီးနောက် အာမခံမပေးဘဲ ယခုကဲ့သို့ အချုပ်ချဖမ်းဆီးရန် အမိန့်ချလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့၏အမှုကို သြဂုတ် ၆ ရက်တွင် ထပ်မံစစ်ဆေးမည်ဟုလည်း တရားရုံးက ချိန်းဆိုထားသည်။

ပိုင်နက်ကျူးလွန်မှု၊ ခိုးမှုတို့နှင့် တရားစွဲဆိုခြင်း ခံရသည့် ထိုရေလုပ်သား ၂၅ ဦးကို ရွာမှ ရဲစခန်းသို့ လာရောက် အဖမ်းခံစဉ် ရွာသား ၄၀ ခန့်က လိုက်လံ ပို့ဆောင်ခဲ့သည်။

ဇူလိုင် ၃၁ ရက်က တရားရုံးတွင် အမှုစစ်ဆေးရာ၌ တရားလိုဘက်မှ လာရောက် အမှုရင်ဆိုင်ခြင်းမရှိဘဲ တရားလို
ဖြစ်သူ အင်းသူကြီး ဦးကြင်ငြိမ်းကို ပန်းတနော် ရဲစခန်းစခန်းမှူးက တယ်လီဖုန်းဖြင့် တရားခွင်တွင် ဆက်သွယ်ခဲ့
သည်ဟု ဒေသခံများက စွပ်စွဲပြောဆိုထားသည်။

ယခုနှစ်ဆန်းပိုင်းတွင် ခနွဲကဘိုရွာမှ ရေလုပ်သား ၂၇ ဦးကို အင်းသူကြီး ဦးကြင်ငြိမ်းက ငါးခိုးဖမ်းမှုဖြင့် စွပ်စွဲပြီး ရဲစခန်း၌အမှုဖွင့်ထားသဖြင့် ဧပြီလအတွင်းက ရေလုပ်သားများကို ကူညီပေးနေသည့် ဦးနေမျိုးဇင်က ကြားဝင်ညှိနှိုင်း
ပေးခဲ့ပြီး အင်းသူကြီးက အမှုပိတ်သိမ်းပေးခဲ့သည်။

သို့သော် ဇူလိုင်လဆန်းတွင် ခနွဲကဘိုရဲစခန်းမှရဲများက ရေလုပ်သားများကို လာဖမ်းသောကြောင့် အခြား ရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး နောက်ဆုံးတွင် ထွက်ပြေးမတိမ်းရှောင်တော့ဘဲ ယခုကဲ့သို့ သွားရောက် အဖမ်းခံခြင်း
ဖြစ်သည်ဟု ဒေသခံများက ရှင်းပြသည်။

ဝရမ်းထုတ်ခံထားရသည့် ရေလုပ်သားတစ်ဦးဖြစ်သူ ကိုဝင်းခိုင်ကို အဖမ်းမခံရမီ တစ်ရက်အလိုတွင် မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ ၎င်းက “ ကျွန်တော်တို့ကလည်း စားဝတ်နေရေး အဆင်မပြေတော့ ထပ်ပြီးတော့လည်း မရှောင်နိုင်တော့ဘူး။ အဲ့ဒါကြောင့် ရဲစခန်းမှာတက်ပြီး အဖမ်းခံကြမှာပါ။ သူတို့ ဘာလုပ်မယ် ဆိုတာတော့ မနက်ဖြန်
မှ အဖြေပေါ်မှာပေါ့”ဟု ပြောခဲ့သည်။

ထိုဒေသရှိ ရဲများမှာ အင်းသူကြီး၏ အမိန့်ကို မလွန်ဆန်နိုင်သောကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း ရေလုပ်သား
များကို ကူညီပေးနေသည့် ဦးနေမျိုးဇင်က စွပ်စွဲ ပြောဆိုထားသည်။

0 comments:

Post a Comment