Thursday, August 1, 2013

လုပ်လက်စအလုပ်များ အဆုံးသတ်ရန် လိုအပ်ပြီ မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၄၆ မိနစ်

အစိုးရသစ်တက်လာပြီးနောက်ပိုင်း နှစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲမှုများနှင့်အတူ တည်ဆောက်ရေး လုပ်ငန်းအမြောက်အများ ပြုလုပ်လာခဲ့သည်။ ရန်ကုန်မြို့အတွင်း ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ ကားလမ်းများ တိုးချဲ့ခြင်းအပြင် ရန်ကုန်တက္ကသိုလ်ကိုလည်း ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်လာခဲ့သည်။

ဤသို့သော တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများနှင့်အတူ လိုအပ်ချက်များရှိနေသေးသည်မှာလည်း လက်တွေ့
အခြေအနေပင် ဖြစ်သည်။ မြို့တော်အတွင်း စနစ်ကျသည့် အမှိုက်သိမ်းစနစ်မရှိခြင်း၊ ခြောက်ပေခန့်မြင့်သည့် ကားကြီးများဖြင့် အမှိုက်သိမ်းကားကြီးများဖြင့် စည်ပင်ဝန်ထမ်းတို့ အမှိုက်သိမ်းသည်ကို တွေ့မြင်ရသည်မှာ စိတ်မချမ်းသာဖွယ်မြင်ကွင်းပင် ဖြစ်သည်။

မြို့တွင်းလမ်းမများတွင် အမှိုက်တစ်စပစ်လိုပါက လွယ်ကူစွာပစ်နိုင်ရန် အမှိုက်ပုံးများမရှိခြင်း၊ လူနေရပ်ကွက်များတွင် စနစ်ကျသည့် အမှိုက်သိမ်းစနစ်မရှိခြင်းကြောင့် ရပ်ကွက်အတွင်းရှိ မြေကွက်လပ်တွင် သွားရောက်ပစ်ရခြင်း စသည်
တို့ကြောင့် ကျန်းမာရေးရှုထောင့်က ကြည့်မည်ဆိုပါက အလားအလာ ကောင်းများမဟုတ်ပေ။

ထို့အတူ မြို့တော်၏ ပလက်ဖောင်းများကို ကြည့်မည်ဆိုပါကလည်း ပြုပြင်ခြင်းများ ပြုလုပ်သည်ဆိုသော်လည်း လျှပ်စစ်ဗို့အား ၆၆၀၀ ရှိသည့် ထရမ်စဖော်မာများ လူအများသွားလာသည့် စင်္ကြန်များပေါ်တွင် တည်ရှိနေသည်ကို
တွေ့ရှိရသည်။ အလားတူပင် လမ်းချဲ့ရာမှ မူလကလမ်းဘေးတွင်ရှိနေသည့် လမ်းမီးတိုင်များ လမ်းပေါ် ရောက်လာခဲ့
သည်။

လမ်းချဲ့ခြင်းလုပ်ငန်းများပြီးစီးသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း လမ်းမီးတိုင်များမှာ ရွှေ့ပြောင်းခြင်းမရှိဘဲ ယခင်
အတိုင်းထားရှိသည်ကို တွေ့ရှိရသည်။ ယာဉ်များသွားလာနေသည့် လမ်းများပေါ်တွင် လမ်းမီးတိုင်များ ထားရှိခြင်း
သည် အန္တရာယ်ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

ရန်ကုန်မြို့ရှိအချို့သောမြို့နယ်များတွင် လူထုသုံးစွဲနေရသည့် သုံးရေသည်လည်း အ၀တ်လျှော်ရန်ပင် မသင့်တော်
သည်ကို တွေ့ရှိရသည်။ အလားတူပင် မိုးအနည်းငယ်ရွာသွန်းသည်နှင့် ရေမြောင်းများမှတစ်ဆင့်မိုးရေများလျှံကာ ကားလမ်းမပေါ်အထိ ရေတက်လာခြင်းသည်လည်း မြို့တော်၏ ပြုပြင်သင့်သည့် အချက်တစ်ချက် ဖြစ်သည်။

အဆုံးသတ်ဆိုရပါမူ ပြုပြင်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများနှင့်အတူ လုပ်လက်စအလုပ်များကိုလည်း ပြီးစီး
အောင်၊ လက်စသတ်ရန် လိုအပ်ပေလိမ့်မည်။

0 comments:

Post a Comment