Wednesday, July 24, 2013

               ရှင်သန်ခြင်း လျှို့ဝှက်ချက်(၂)
         အဆက် ----                                                                                                      ထို့ကြောင့်ပင် သူ့၏ဘဝသည် နောက်ဆုံးရှင်သန်ကြီးပွားအောင်မြင်လာခဲ့ခြင်းဖြစ်၏။
      လူ့ဘဝတွင် ဘဝအလွှာအသီးသီးရှိသည့်အနက် ဇီဝက၏ဘဝသည်ကား အခြေအနေဆိုးသောဘဝမျိုး
သာဖြစ်၏။သို့ရာတွင် ဇီဝကသည် သူ့ဘဝနှင့်ပတ်သက်၍အခြေအနေဆိုးသည့် မည်သည့်ဘဝမျိုးဖြစ်ဖြစ်၊သူ့
အတွက်အရေးမကြီး။ယင်းဘဝမျိုးမှ ထိုးဖောက်ရုန်းထွက်၍ အခြေအနေကောင်းသော အထက်တန်းဘဝသို့
တက်လှမ်းနိုင်ရေးအတွက် တိကျခိုင်မာသော နည်းဗျူဟာများကို အသုံးချတတ်ရေးသည်သာအရေးကြီး၏။
ဤသို့ သူကနားလည်ထား၏။အမှန်အားဖြင့် လူ့ဘဝတွင် အခြေအနေဆိုးသည့် မည်သည့်ဘဝမျိုးဖြစ်နေပါ
စေ၊ယင်းဘဝမျိုးမှလွတ်မြောက်၍ အထက်တန်းဘဝတို့တက်လှမ်းနိုင်ရေးအတွက် နည်းဗျူဟာများဖြင့် မှန်
ကန်စွာ အသုံးချတတ်ရေးသည်သာ အရေးကြီးပါ၏။နည်းဗျူဟာများဖြင့် မှန်ကန်စွာအသုံးချတတ်လျှင် တစ်
နေ့နေ့တွင် အထက်တန်းဘဝမျိုးကို အမှန်တကယ်ပိုင်ဆိုင်ရရှိပေလိမ့်မည်။ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိ
တို့ဘဝနှင့်ပတ်သက်၍ မည်သည့်ဘဝမျိုး၌ဖြစ်ဖြစ် စိတ်အားငယ်နေရန်မလိုပေ။
      ဇီဝကသည် သူ့ဘဝနှင့်ပတ်သက်၍ ဘဝကို အရှုံးပေးလိုသူမဟုတ်၊အနိုင်ယူလိုသူသာဖြစ်၏။ဘဝကို
တွေး၍ အားငယ်ပြီး အချိန်ဖြုန်းလိုသူမဟုတ်၊ခိုင်မာသောစိတ်ဓါတ်ဖြင့် အချိန်ကိုတိကျမှန်ကန်စွာ အသုံးချ
၍ကြိုးစားအားထုတ်လိုသူသာဖြစ်၏။အလုပ်သမားအငှားဘဝဖြင့်သူ့ဘဝကိုရပ်တည်လိုသူမဟုတ်၊ဦးဆောင်
မှုကဏ္ဍမှနေ၍ပညာရှင်အဆင့်ဖြင့်သာ ရပ်တည်လိုသူဖြစ်၏။ထို့ကြောင့်ပင် သူသည် တက္ကသိုလ်ပြည်၊ဒိသာ
ပါမောက္ခဆရာကြီးထံသို့ အရောက်သွားကာ ဆေးပညာရပ်များနှင့်သက်ဆိုင်သော ပညာရပ်များကို အပတ်
တကုတ် ကြိုးစားသင်ယူခဲ့ခြင်းဖြစ်၏။ဇီဝကသည် ယင်းသို့ ဆေးပညာရပ်များကိုသင်ယူရာ၌ အများအကျိုး
ကိုသာ ဗဟိုရ်ပြု၍သင်ယူ၏။မိမိအကျိုးကိုသာကြည့်ပြီး မိမိအကျိုးအတွက် ဗဟိုရ်ပြု၍ မသင်ယူ။ဤသည်
မှာ စိတ်ထားမြင့်မြတ်သူတို့၏ အလေ့အထဆောင်ရွက်ချက်ပင်ဖြစ်၏။ ယင်းကိုပင်  ဗုဒ္ဓဒေသနာတော်အရ
ပါရမီဟူ၍ဆိုရ၏။အမှန်အားဖြင့် ပါရမီဟူသည်  စိတ်ထားမြင့်မြတ်သူတို့၏အလုပ်(သို့မဟုတ်)ဆောင်ရွက်
ချက်ပင်တည်း။ထို့ကြောင့်ပင် သူသည် ယင်းပညာရပ်များဖြင့် အများကောင်းကျိုး(ပရဟိတ)လုပ်ငန်းများ
ကိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်၏။
      ဇီဝကသည် အတိတ်ကံကိုချည်း ယုံကြည်အားကိုးနေတတ်သူ၊ယိုးမယ်ဖွဲ့နေတတ်သူမဟုတ်ပေ။လက်ရှိ
ပစ္စုပ္ပန်၌ "အသိဥာဏ်ပညာ၊ကြိုးစားအားထုတ်မှုလုံလဝီရိယ၊စိတ်ဓါတ်ခိုင်မာမှု၊ပြင်းပြသောဆန္ဒ(သို့မဟုတ်)
ရည်မှန်းချက်စသောအကြောင်းတရားများနှင့်ပြည့်စုံလျှင် အမှန်တကယ်ရှင်သန်ကြီးပွားအောင်မြင်နိုင်သည်"
ဟူသော ပစ္စုပ္ပန်အကြောင်းတရားများကိုသာယုံကြည်တတ်သူဖြစ်၏၊ယိုးမယ်ဖွဲ့တတ်သူဖြစ်၏။ထို့ကြောင့်ပင်
သူ့၏ဘဝသည် နောက်ဆုံးရှင်သန်ကြီးပွားအောင်မြင်လာခဲ့ခြင်းဖြစ်၏။
     အသိဥာဏ်ပညာစသော လက်ရှိပစ္စုပ္ပန်အကြောင်းတရားများနှင့် ပြည့်စုံညီညွတ်အောင်ဆည်းပူးသင်ယူ
ရာ၌ ဝီရိယဟူသောအကြောင်းတရားဖြင့် ဆည်းပူးသင်ယူရာတွင် ရှေ့၌ဖော်ပြခဲ့သည့် ဝီရိယ၏ပြည့်စုံရမည့်
အဆင့်ငါးဆင့်နှင့် ပြည့်စုံညီညွတ်စွာဖြင့် ကြိုးစားဆည်းပူးသင်ယူ၏။ ပထမအဆင့် ဥာဏသမ္ပတ္တိအရ အရာ
ရာတွင် အသိဥာဏ်ပညာဖြင့် ချင့်ချိန်စဉ်းစားတွေးတော၍ ကြိုးစားဆည်းပူးသင်ယူအားထုတ်၏။ဒုတိယအ
ဆင့် ဂတိသမ္ပတ္တိအရ တက္ကသိုလ်ပြည်၊ဒိသာပါမောက္ခဆရာကြီး၏ပညာဝေငှရာတက္ကသိုလ်ကြီးသို့အရောက်
သွား၍ နေရာဒေသနှင့်ပြည့်စုံအောင်လည်း ကြိုးစားအားထုတ်ခဲ့၏။တတိယအဆင့် ဥပဓိသမ္ပတ္တိအရ ဆေး
ပညာရပ်များနှင့် သက်ဆိုင်သော အင်္ဂါအစိတ်အပိုင်း အချက်အလက်များနှင့်ပြည့်စုံအောင်လည်း ရှာဖွေစု
ဆောင်း၍ ကြိုးစားအားထုတ်သင်ယူ၏။စတုတ္ထအဆင့် ကာလသမ္ပတ္တိအရ သတ်မှတ်ပေးထားသည့်အချိန်
အတိုင်း မခိုမကပ် မပျင်းမရိဘဲ အချိန်ကိုတိကျမှန်ကန်စွာအသုံးချခြင်းတည်းဟူသောအချိန်ကာလနှင့်ပြည့်
စုံအောင်လည်း ကြိုးစားအားထုတ်သင်ယူဆည်းပူး၏။နောက်ဆုံးအဆင့် ပယောဂသမ္ပတ္တိအရ ကိုယ်အား
ဖြင့်အပင်ပန်းခံ၍လည်းကောင်း၊နှုတ်အားဖြင့် အမြဲရွတ်အံကျက်မှတ်၍လည်းကောင်း၊စိတ်အားဖြင့် အမြဲ
ကြံဆတွေးတော၍လည်းကောင်း ယင်းသို့ကိုယ်,နှုတ်,ူစိတ်တို့ ညီညွတ်ပြည့်စုံအောင်လည်း ကြိုးစားသင်
ယူဆည်းပူးအားထုတ်၏။ထို့ကြောင့် ကြိုးစားအားထုတ်မှုကို  ဝီရိယ၏  အဆင့်ငါးဆင့်နှင့်ပြည့်စုံညီညွတ်
သော ကြိုးစားအားထုတ်မှုဟူ၍ဆိုရ၏။ဤသို့လျှင် ဇီဝကသည် ဝီရိယ၏အဆင့်ငါးဆင့်နှင့် ပြည့်စုံညီညွတ်
အောင် ကြိုးစားအားထုတ်ခဲ့မှုကြောင့်ပင် ဆေးပညာရပ်များကို တစ်ဖက်ကမ်းခတ်  ပါရဂူမြောက်  တတ်
ကျွမ်းပြီး ရာဇဂြိုဟ်ပြည်၊ဗိမ္ဗိသာရဘုရင်မင်းမြတ်၏ သမားတော်ကြီးအဖြစ်  မြောက်စားခံ့အပ်ခြင်းကို ခံရ
ခြင်းဖြစ်၏။ထိုအချိန်မှစ၍ ဆေးဆရာကြီး(သမာတော်ကြီး)ဇီဝကသည် သာသနာတော်၌ မကျန်းမာသော
ဂိလာနရဟန်းသံဃာတော်မျုားနှင့် လူပုဂ္ဂိုလ်တို့အား သူတတ်မြောက်ထားသော ဆေးပညာရပ်ဖြင့်တကယ့်
မေတ္တာစေတနာထား၍ ဆေးကုသပေးလေ၏။သူကုသပေးသောလူနာတိုင်းသည်အနာရောဂါမပျောက်ကင်း
သည်ဟူ၍ မရှိဟုဆို၏။ဤသို့လျှင် ဆေးဆရာ(သမားတော်ကြီး)ဇီဝကသည် ဗုဒ္ဓသာသနာတော်သမိုင်း၌လ
ည်းကောင်း၊ဆေးပညာသမိုင်း၌လည်းကောင်း ထင်ရှားကျော်ကြားလူသိများသော ဂန္ထဝင်မြောက်ပုဂ္ဂိုလ်အ
ဖြစ် ယနေ့ထိဥဒါန်းတွင်ရစ်ခြင်းဖြစ်လေ၏။
       ဤသည်မှာ ဆေးဆရာ(သမားတော်ကြီး)ဇီဝက၏ အခြေအနေဆိုးသည့်ဘဝမျိုးမှထိုးဖောက်ရုန်းထွက်
၍ အသိဥာဏ်ပညာ၊အဆင့်ငါးဆင့်နှင့်ပြည့်စုံသောလုံ့လဝီရိယစသော အကြောင်းတရားများဖြင့်ကြိုးစားအား
လျက် အထက်တန်းကျသောဘဝမျိုးဖြင့် ရှင်သန်ကြီးပွားအောင်မြင်သွားသော သာဓကတစ်ရပ်ပင်ဖြစ်ပါ၏။
ထို့ကြောင့်ကျွန်ုပ်တို့သည်လည်း ပစ္စုပ္ပန်၌ ကျွန်ုပ်တို့၏ ဘဝရှင်သန်ကြီးပွားအောင်မြင်နိုင်ရေးအတွက် ဆေး
ဆရာ(သမားတော်ကြီး)ဇီဝကကဲ့သို့ပင် အသိဥာဏ်ပညာ၊ဝီရိယစသော ပစ္စုပ္ပန်၌  အကြောင်းတရားများနှင့်
ပြည့်စုံညီညွတ်အောင် ကြိုးစားအားထုတ်သင့်ကြပါ၏။


     ရှင်သန်ခြင်း လျှို့ဝှက်ချက်(၃)ကိုဆက်ပါရန်

0 comments:

Post a Comment