Thursday, July 18, 2013
ရှင်သန်ခြင်း လျှို့ဝှက်ချက်(၂)
အဆက်--
ယင်း ဝီရိယ၏ ပြည့်စုံရမည့်အဆင့်ငါးဆင့်အနက် ပထမအဆင့်မှာ ဥာဏသမ္ပတ္တိအဆင့်ဖြစ်၏။
ဥာဏသမ္ပတ္တိအဆင့်ဟူသည် လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်သည့်အခါ ပြည့်စုံသည့်ကြိုးစားမှု
ဖြစ်ဖို့ရန်အတွက် လုပ်ငန်း၌ တတ်သိနားလည်ခြင်း၊လိမ္မာကျွမ်းကျင်ခြင်း၊ခွဲခြားဝေဖန်သုံးသပ်နိုင်ခြင်း၊စီမံ
နိုင်ခြင်း စသည့် အသိဥာဏ်ပညာနှင့်ပြည့်စုံခြင်း အဆင့်မျိုးပင်ဖြစ်၏။လယ်သမားသည် လယ်လုပ်ငန်း၌
တတ်သိနားလည်ရမည်၊လိမ္မာကျွမ်းကျင်ရမည်၊ခွဲခြားဝေဖန်သုံးသပ်နိုင်ခြင်းရှိရမည်၊စီမံနိုင်ခြင်းရှိရမည်ဖြစ်
၏။သို့မှသာ ယင်းလယ်လုပ်ငန်း အောင်မြင်ပြီးစီးပေလိမ့်မည်။ထိုသို့မဟုတ်ပဲ လယ်သမားသည်လယ်လုပ်
ငန်း၌ တတ်သိနားလည်မှုလည်းမရှိ၊ လိမ္မာကျွမ်းကျင်မှုလည်းမရှိ၊ ခွဲခြားဝေဖန်သုံးသပ်နိုင်မှုလည်းမရှိ၊
စီမံနိုင်မှုလည်းမရှိဆိုပါက အဘယ်သို့လျှင် ယင်းလယ်လုပ်ငန်းသည် အောင်မြင်ပြီးဆုံးခြင်းသို့ ရောက်ရှိ
ပေလိမ့်မည်နည်း။"ပိုးသာကုန် မောင်ပုံစောင်းမတတ်"ဆိုသလိုအချိန်ကုန် လူပန်း၍ အချည်းနှီးသာဖြစ်ပေ
လိမ့်မည်။အခြားအခြားသော ကုန်ရောင်းကုန်ဝယ်လုပ်ငန်း၊ပညာရေးလုပ်ငန်းစသည့် လုပ်ငန်းများ၌လည်း
ဤနည်းအတူပင်ဖြစ်၏။ထို့ကြောင့် လုပ်ငန်းအောင်မြင်ပြီးစီးရေးအတွက် ပထမအဆင့် ဥာဏသမ္ပတ္တိအရ
လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌ လုပ်ငန်းအပေါ်တတ်သိနားလည်ခြင်း၊လိမ္မာကျွမ်းကျင်ခြင်း၊
ခွဲခြားဝေဖန်သုံးသပ်နိုင်ခြင်း၊စီမံနိုင်ခြင်းစသည့် အချက်အလက်များနှင့် ပြည့်စုံသော လုံ့လဝီရိယဖြင့် ကြိုး
စားအားထုတ်အပ်ပါ၏။
ဝီရိယ၏ပြည့်စုံရမည့် အဆင့်ငါးဆင့်အနက် ဒုတိယပြည့်စုံရမည့်အဆင့်မှာ ဂတိသမ္ပတ္တိအဆင့်
ဖြစ်၏။ဂတိသမ္ပတ္တိအဆင့်ဟူသည် နေရာဒေသနှင့်ပြည့်စုံခြင်းအဆင့်မျိုးပင်ဖြစ်၏။အလုပ်တစ်ခုခုကိုလုပ်
ကိုင်ဆောင်ရွက်တော့မည်ဆိုလျှင် သင့်တင့်လျောက်ပတ်သော နေရာဒေသ၏ပြည့်စုံမှုသည် အရေးကြီး
၏။သင့်တင့်လျောက်ပတ်သော နေရာဒေသ၏ ပြည့်စုံမှုမရှိလျှင် မည်မျှပင် ကြိုးစားအားထုတ်စေကာမူ
လုပ်ငန်းအောင်မြင်ပြီးစီးဖို့ရန်မလွယ်ကူပေ။လယ်သမားသည် လယ်လုပ်ငန်းနှင့်ပတ်သက်၍ သင်တင့်
လျောက်ပတ်သောနေရာ၌ လယ်ယာမြေရှိဖို့လို၏။တောင်ကုန်းထက်၌ လယ်ယာမြေရှိနေ၍ မဖြစ်သလို
ဆားငန်ရေရှိသော ပင်လယ်ကမ်းစပ်၌လည်း လယ်ယာမြေရှိနေ၍မဖြစ်ပေ။ယင်းသည့်နေရာဒေသမျိုး၌
လယ်ယာမြေရှိသော်လည်း စပါးစိုက်၍ ဖြစ်ထွန်းဖို့ရန် မလွယ်ကူပေ။ ကုန်ရောင်းကုန်ဝယ်သမားသည်
ရောင်းဝယ်၍ကောင်းမည့် သင့်တင့်လျောက်ပတ်သော နေရာဒေသနှင့် ပြည့်စုံဖို့လို၏။ ရောင်းဝယ်၍ မ
ကောင်းသည့် နေရာဒေသမျိုး၌ ကုန်ရောင်းကုန်ဝယ်လုပ်လျှင် အမြတ်မပေါ်ဘဲ အရှုံးသာထွက်ပေလိမ့်
မည်။အခြားအခြားသော ပညာရေးသမား၊စီးပွားရေးသမားစသည်တို့မှာလည်း မိမိတို့၏လုပ်ငန်းနှင့်ပတ်
သက်၍ သင့်တင့်လျောက်ပတ်သောနေရာဒေသနှင့် ပြည့်စုံဖို့လိုအပ်ပါ၏။သို့မှသာ မိမိတို့၏ ဆိုင်ရာဆိုင်
ရာလုပ်ငန်းများအောင်မြင်ပြီးစီးပေလိမ့်မည်။ထို့ကြောင့်လုပ်ငန်အောင်မြင်ပြီးစီးရေးအတွက်ဒုတိယအဆင့်
ဂတိသမ္ပတ္တိအရ မိမိတို့လုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းနှင့်ပတ်သက်၍ သင့်တင့်လျောက်ပတ်သော နေ
ရာဒေသနှင့်လည်း ပြည့်စုံအောင် အထူးကြိုးစားအားထုတ်အပ်ပါ၏။
ဝီရိယပြည့်စုံရမည့် အဆင့်ငါးဆင့်အနက် တတိယပြည့်စုံရမည့်အဆင့်မှာ ဥပဓိသမ္ပတ္တိ အဆင့်
ဖြစ်၏။ဥပဓိသမ္ပတ္တိအဆင့်ဟူသည် လုပ်ငန်း၌ ပြည့်စုံရမည့်အင်္ဂါအစိတ်အပိုင်း အချက်အလက်တို့၏ ပြည့်
စုံခြင်း အဆင့်မျိုးပင်ဖြစ်၏။လုပ်ငန်းအောင်မြင်ပြီးစီးရေးအတွက် အကြောင်းတရားတို့၏ ပြည့်စုံခြင်း ဟူ၍
လည်းဆိုရ၏။လယ်သမားသည် လယ်လုပ်ငန်းကိုလုပ်ကိုင်ရာ၌လယ်၏အင်္ဂါအစိတ်အပိုင်းအချက်အလက်
(သို့မဟုတ်)လယ်လုပ်ငန်း၌ပြည့်စုံရမည့် အကြောင်းတရားများအဖြစ် လယ်ယာမြေ,ကျွဲ,နွား,မျိုးစေ့စသည်
တို့နှင့်ပြည့်စုံဖို့လို၏။ယင်းလယ်ယာမြေ,ကျွဲ,နွား,မျိုးစေ့စသော လယ်၏အင်္ဂါအစိတ်အပိုင်းအချက်အလက်
(သို့မဟုတ်)အကြောင်းတရားတို့နှင့်ပြည့်စုံမှသာလယ်လုပ်ငန်းကိစ္စအောင်မြင်ပြီးစီးမည်ဖြစ်၏။အခြားအခြား
သော ကုန်ရောင်းကုန်ဝယ်လုပ်ငန်း၊ပညာရေးလုပ်ငန်းစသည့်လုပ်ငန်းများ၌လည်း ယင်းလုပ်ငန်းတို့နှင့်ဆိုင်
ရာဆိုင်ရာ အင်္ဂါအစိတ်အပိုင်းအချက်အလက်(သို့မဟုတ်)အကြောင်းတရားများပြည့်စုံဖို့လိုအပ်ပါ၏။သို့မှ
သာ ယင်းလုပ်ငန်းများအောင်မြင်ပြီးစီးပေလိမ့်မည်။ထို့ကြောင့် လုပ်ငန်းအောင်မြင်ပြီးစီးရေးအတွက် တတိ
ယအဆင့် ဥပဓိသမ္ပတ္တိအရ မိမိတို့လုပ်ငန်းနှင့်ပတ်သက်၍လိုအပ်သော အင်္ဂါအစိတ်အပိုင်းအချက်အလက်
များ၊(သို့မဟုတ်)အကြောင်းတရားများနှင့် ညီညွတ်ပြည့်စုံအောင် ကြိုးပမ်းဆောင်ရွက်သင့်ပါ၏။
ဝီရိယ၏ ပြည့်စုံရမည့်အဆင့်ငါးဆင့်အနက် စတုတ္ထပြည့်စုံရမည့်အဆင့်မှာ ကာလသမ္ပတ္တိ အဆင့်
ဖြစ်၏။ကာလသမ္ပတ္တိအဆင့်ဟူသည် အချိန်ကာလ၏ပြည့်စုံခြင်း အဆင့်မျိုးပင်ဖြစ်၏။လုပ်ငန်းတစ်ခုခုကို
လုပ်ကိုင်ဆောင်ရွက်ရာ၌ အချိန်ကာလသည် များစွာစကားပြော၏။အချိန်ကာလကိုတိတိကျကျမှန်မှန်ကန်
ကန်အသုံးချတတ်ဖို့ အလွန်လိုအပ်ပါ၏။ ထို့ကြောင့် ဘဝမှာ ရှင်သန်ကြီးပွားအောင်မြင်ချင်သူတိုင်းသည်
အချိန်ကိုအလဟဿမဖြုန်းတီးသင့်ပေ။အချိန်ကိုဖြုန်းတီးခြင်းသည်မိမိတို့၏လုပ်ငန်း၊မိမိတို့၏ဘဝကို ဖျက်
ဆီးရာရောက်ကြောင်း မမေ့ထိုက်ပေ။ဤနေရာ၌ အမေရိကန်ဒဿနပညာရှင် ဘင်ဂျမင်ဖရင်ကလင်၏ စ
ကားတစ်ခွန်းသည် များစွာမှတ်သားဖွယ်ကောင်းပါ၏။မှတ်သားဖွယ်ကောင်းသလောက်လည်းလိုက်နာကျင့်
သုံးဖွယ်ကောင်းပါ၏။သူ့၏စကားမှာ"သင်သည် ဘဝကိုချစ်လျှင်အချိန်ကိုမဖြုန်းပါနှင့်၊ဘဝဟူသည် အချိန်
ဖြင့်ပြုလုပ်ထားသော ပစ္စည်းဖြစ်သည်"ဟူ၍ဖြစ်၏။အမှန်အားဖြင့် ဘဝဟူသည် အချိန်ကာလယန္တရား၏ ပြ
ယုဂ်တစ်ခုသာဖြစ်၏။အချိန်ကာလယန္တရား၏ လှည့်ပတ်မှုအပေါ်မူတည်၍ ဘဝသည်လည်း များစွာပြောင်း
လွဲသွားနိုင်ပါ၏။ထို့ကြောင့် ဘဝကိုချစ်မြတ်နိုး၍ ဘဝတိုးတက်အောင်မြင်ကြီးပွားချင်သော ပုဂ္ဂိုလ်မှန်သမျှ
သည် အချိန်ကာလကို အထူးဂရုတစိုက်တန်ဖိုးထား၍ လုပ်ကိုင်ဆောင်ရွက်သင့်ကြပါ၏။
ကာလသမ္ပတ္တိအရ အချိန်ကာလ၏ပြည့်စုံခြင်းဟူသည် အချိန်ကို အိပ်ရာထချိန်၊ထမင်းစားချိန်၊အ
လုပ်ဝင်ချိန်စသဖြင့်တိတိကျကျသတ်မှတ်၍ယင်းသတ်မှတ်ထားသည့်အချိန်အတိုင်းသူ့အချိန်နှင့်သူ မပျက်
မကွက် မခိုမကပ်ဘဲ မှန်မှန်ကန်ကန် ပြုလုပ်ဆောင်ရွက်သွားခြင်းသဘောမျိုးပင်ဖြစ်၏။ယင်းသို့ သတ်မှတ်
ထားသည့်အချိန်အတိုင်းသူ့အချိန်နှင့်သူ မှန်မှန်ကန်ကန်ပြုလုပ်ဆောင်ရွက်သွားမည်ဆိုလျှင် လုပ်ငန်းသည်
အမှန်ပင် ပြီးစီးအောင်မြင်မည်သာဖြစ်ပါ၏။အချိန်သတ်မှတ်ချက်မရှိဘဲလုပ်ခြင်း၊အချိန်မကျရောက်သေးဘဲ
အချိန်မဲ့အခါမဲ့လုပ်ခြင်း၊အချိန်လွန်ပြီးမှလုပ်ခြင်း စသည်များသည် လုပ်ငန်းသေသပ်မှုမရှိနိုင်၊မပြီးစီးနိုင်ပေ။
မင်္ဂလသုတ်အဋ္ဌကထာ၌ အချိန်လွန်မှလုပ်ခြင်း၊မသင့်လျော်အောင်ပြုလုပ်ခြင်း၊အချိန်ကိုမလေးစား
ဘဲ ပေါ့ပျက်ပျက်ပြုလုပ်ခြင်းများကို အလုပ်ရှုပ်ထွေးကြောင်းတရားများအဖြစ် အဋ္ဌကထာဆရာထောက်ပြ
ထားသည်ကိုတွေ့ရ၏။ထို့ကြောင့် ကျွန်ုပ်တို့သည် လုပ်ငန်းအောင်မြင်ပြီးစီးရေးအတွက်စတုတ္ထအဆင့် ကာ
လသမ္ပတ္တိအရ မိမိတို့လုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းနှင့်ပတ်သက်၍အချိန်ကိုတိတိကျကျသတ်မှတ်ခြင်း၊
အချိန်ကိုလေးစားလိုက်နာခြင်းစသည့်အချိန်ကာလ၏ပြည့်စုံခြင်းကိုအထူးအလေးထား၍ ကြိုးစားအားထုတ်
သင့်ကြပါ၏။သို့မှသာ ပြည့်စုံသောကြိုးစားအားထုတ်မှု လုံ့လဝီရိယဖြစ်ပေလိမ့်မည်။
ဝီရိယ၏ ပြည့်စုံရမည့်အဆင့်ငါးဆင့်အနက် နောက်ဆုံးပဉ္စမပြည့်စုံရမည့်အဆင့်မှာပယောဂသမ္ပတ္တိ
အဆင့်ဖြစ်၏။ပယောဂသမ္ပတ္တိအဆင့်ဟူသည် ကိုယ်,နှုတ်,စိတ်တို့ ပြည့်စုံခြင်းမျိုးဖြင့်ကြိုးစားအားထုတ်ခြင်း
မျိုးပင်ဖြစ်၏။လုပ်ငန်းတစ်ခုခုကိုလုပ်ကိုင်ဆောင်ရွက်ရာ၌ ကိုယ်အားဖြင့်လည်း အမြဲကြိုးစားအားထုတ်နေ
ရမည်ဖြစ်၏။နှုတ်အားဖြင့်လည်း အမြဲကြိုးစားအားထုတ်နေရမည်ဖြစ်၏။နှုတ်အားဖြင့် ကြိုးစားအားထုတ်
ရာ၌ စာမေးပွဲဖြေဆိုကြမည့် စာသင်သားများ အမြဲတမ်းရွတ်ဆို၍ ကျက်မှတ်နေမှသာ စာမေးပွဲအောင်မြင်
ကြသည်ကို အထင်အရှားတွေ့မြင်နေကြရသည်မှာ နှုတ်အားဖြင့် ကြိုးစားအားထုတ်ခြင်း၏ အကျိုးတရား
ပင်ဖြစ်၏။စိတ်အားဖြင့်လည်း အမြဲကြံဆတွေးတော၍ ကြိုးစားအားထုတ်နေရမည်ဖြစ်၏။ထို့ကြောင့် ကျွန်ု
ပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ငန်အောင်မြင်ပြီးစီးရေးအတွက် နောက်ဆုံးပဉ္စမအဆင့် ပယောဂသမ္ပတ္တိအရ
မိမိတို့လုပ်ကိုင်ဆောင်ရွက်ရမည့်လုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့လုပ်ငန်း(အလုပ်)အပေါ်မူတည်ကာ ကိုယ်,
နှုတ်,စိတ်တို့ ညီညွတ်ပြည့်စုံအောင် ကြိုးပမ်းအားထုတ်သင့်ကြပါ၏။
ဆက်ရန်---
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment