ယခုနှစ် ကျင်းပသော ရခိုင်ရိုးရာသင်္ကြန်ပွဲတော်မှာ ၁၉ ကြိမ်မြောက်ပွဲတော်ဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို
ထိမ်းသိမ်းစောင့်ရှောက် ဖော်ထုတ်ပြသလိုသည့် ရည်ရွယ်ချက်ဖြင့် ယခုလို
ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပပြုရခြင်းဖြစ်ကြောင်း
သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်သာလှက
အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။
" အမေရိကန်ပြည်ထောင်စုမှာ
ရောက်ရှိနေထိုင်နေကြတဲ့ ကျနော်တို့ ရခိုင်လူမျိုးတွေရဲ့
ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့၊
ဖော်ထုတ်ပြသဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို
ဓလေ့ထုံးတမ်းနဲ့အညီ ပြုလုပ်ကျင်းပကြတာပါ။ " ဟု ကိုကျော်သာလှက ပြောဆိုသည်။
သင်္ကြန်ပွဲတော်တွင် ရခိုင်လှေ၊ ရေဖလားနှင့်
ရေခွက်များဖြင့် ရေပက်ကစားကြပြီး၊ ရခိုင်ရိုးရာ ဆီမီးခွက်အကအလှ၊
သျှိုင်ဒိုင်အကအလှ၊ ကာရာအိုကေ ရခိုင်တေးသီချင်းများ၊ ရခိုင်သံချပ်နှင့်
မြန်မာတိုင်းရင်းသားများ၏ ရိုးရာယိုင်းအကအလှအပါအ၀င် အဆိုအက
ပဒေသာမျိုးစုံပါဝင်ကြောင်း သိရသည်။
ပွဲတော်တွင် ရခိုင်ရိုးရာအစားအစာအချို့နှင့်
မြန်မာတိုင်းရင်းသား ရိုးရာအစားအသောက်များဖြစ်သည့် ရွှေရင်အေး၊
ခေါက်ဆွဲကြော်၊ ၀က်သုတ်တုတ်ထိုး၊ အအေးအဖျော်ရည်မျိုးစုံတို့ကို
ရောင်းချခဲ့ကြကြောင်း စုံစမ်းသိရသည်။
သင်္ကြန်ပွဲတော်နှင့်အတူ
သက်ကြီးပူဇော်ပွဲအခမ်းအနားကိုပါ တွဲဖက်ထည့်သွင်းကျင်းပခဲ့ကြကြောင်း
သိရှိရသည်။ သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် ပူဇော်ခံ ဘိုးဘွားသက်ကြီးရွယ်အို
၉ ဦးကို လက်ဆောင်ပစ္စည်းများဖြင့် ရှိခိုးကန်တော့ခဲ့ကြကြောင်း သိရသည်။
ပွဲတော်အခမ်းအနားသို့ 
ကြွရောက်ဆင်နွှဲလာကြသည့် အမေရိကန် သက်ကြီးပိုင်းများက
သက်ကြီးပူဇော်ပွဲအခမ်းအနား မြင်ကွင်းကို တွေ့ မြင်ရသဖြင့်
ဝမ်းနည်းဝမ်းသာဖြစ်ပြီး ရခိုင်နှင့် မြန်မာတိုင်းရင်းသားများကို
ချီးကျူးဂုဏ်ပြုစကားများပြောကြားကြောင်း ကိုကျော်သာလှက ပြောသည်။
" ကြီးသူကို ရိုသေတဲ့
ယဉ်ကျေးမှုဓလေ့အစဉ်အလာဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေမှာရှိပေမဲ့
အမေရိကန်တွေမှာ မရှိကြတဲ့အတွက် အမေရိကန် သက်ကြီးပိုင်းတွေက
ဝမ်းနည်းဝမ်းသာဖြစ်ပြီး ကျနော်တို့တွေကို ချီးကျူးဂုဏ်ပြုစကားတွေ
ပြောကြပါတယ်။ " ဟု ၄င်းက ပြောကြားသည်။
ပွဲတော်ကို နယူးယောက်မြို့ အနီးတ၀ိုက်မှ
ရခိုင်အပါအ၀င် မြန်မာတိုင်းရင်းသားများ နှစ်ထောင် (၂၀၀၀) ကျော်ခန့်
တက်ရောက်ပါဝင် ဆင်နွှဲခဲ့ကြပြီး ညနေ ၄ နာရီတွင် အောင်မြင်စွာ
ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၏ ဧပြီလ
ရာသီဥတုမှာ အလွန်ချမ်းအေးလွန်းပြီး ရေမကစားနိုင်သောကြောင့် ယခုနှစ်
လွန်ခဲ့သည့် ဧပြီလ ၁၄ ရက် သင်္ကြန်အကြတ်နေ့တွင် နယူးယောက်မြို့
ရခိုင်လူမျိုးများမှ ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ
အခမ်းအနားကိုသာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး အချမ်းလွန်၍ ပူပြင်းသည့်
ဇူလိုင်လ ရောက်ရှိမှသာ မြန်မာ့နှစ်သစ်ကူး ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို
ကျင်းပလေ့ရှိကြကြောင်း သိရသည်။ (အာရ်ကန်တိုင်းမ်စ်)
0 comments:
Post a Comment