ရှင်သန်ခြင်း လျှို့ဝှက်ချက်(၁)
ပါရမီမြောက်သော လုပ်ငန်း၌ဖြစ်စေ၊ပါရမီမမြောက်သော
လုပ်ငန်း၌ဖြစ်စေ မည်သည့်လုပ်ငန်း၌ဖြစ်ဖြစ် အသိဥာဏ်
သည် ဦးဆောင်မှုကဏ္ဍမှ ပါဝင်ရသည်ချည်းဖြစ်၏။အသိ
ဥာဏ်ဟူသည်မှာပညာ၏ အမည်ဖြစ်၏။ထို့ကြောင့် ပညာ
သည်အရေးကြီး၏။
ဦးရွှေအောင်
ပ
လူတိုင်းတွင် ဘဝရှိ၏။ ဘဝမရှိသောလူဟူ၍ ဤလောက၌မရှိ။ "ဘဝပစ္စယာ
ဇာတိ"အရ လူတိုင်းတွင် ဘဝရှိသောကြောင့်ပင် အမိဝမ်း၌ ပဋိသန္ဓေနေသည်မှစ၍ ခန္ဓာကိုယ်
ဒြဗ်သည်လည်း ဖြစ်ပေါ်လာခြင်းဖြစ်၏။ယင်းခန္ဓာကိုယ်ဒြဗ်(ခန္ဓာကိုယ်အပေါင်းအစု)ကိုပင်လျှင်
"ဘဝ"ဟူ၍ ဆိုရ၏။ဤသို့ ဆရာဦးရွှေအောင်က သူ့၏ "ဗုဒ္ဓ၊လောကသားတို့၏ အနှိုင်းမဲ့ ကျေး
ဇူးရှင်(ကိုယ်ကျင့်ဗုဒ္ဓဝင်)" စာအုပ် နှာ ၃ဝ၇-၌ ဆို၏။ မွေးဖွားခြင်းအစ သေဆုံးကွယ်လွန်ခြင်း
အဆုံး မရဏသို့မရောက်မီကြားကာလ၌ လူသားတို့အနေဖြင့်စားဝတ်နေရေးအတွက်ရုန်းကန်
လှုပ်ရှားနေရခြင်းအားဖြင့်လည်းကောင်း၊အိုရခြင်း,နာရခြင်းစသည့် ခန္ဓာကိုယ်၏ ဖြစ်,ပျက် သ
ဘောအားဖြင့်လည်းကောင်း ခန္ဓာကိုယ်အတ္တဘော၌အကျုံးဝင်သော ခန္ဓာဒြဗ်၏ အစဉ်အတန်း
အနေဖြင့် ဖြစ်နေရခြင်း သဘောကိုလည်း "ဘဝ" ဟူ၍ ခေါ်ရကြောင်း ဝိ၊ဋ္ဌ၊၁၊၁၂၈-၌ ဖွင့်ဆို
သေး၏။မည်သို့ပင်ဆိုစေ ခန္ဓာကိုယ်ဒြဗ်ရှိသော လူသားတိုင်းတွင် ဘဝ ဟူသည် ရှိရမြဲပင်ဖြစ်
ပါ၏။
လူတိုင်းတွင် ဘဝရှိသော်လည်း လူတစ်ဦး၏ ဘဝနှင့် လူတစ်ဦး၏ ဘဝ ဖြစ်
တည်မှုချင်း မတူညီကြ။ချမ်းသာခြင်း,ဆင်းရဲခြင်း၊ပညာတတ်ခြင်း,ပညာမတတ်ခြင်း စသည်
ဖြင့် ပုံသဏ္ဌာန်အမျိုးအမျိုး၊အလွှာအသီးသီးဖြင့် ကွဲပြားခြားနားလျက်ရှိကြ၏။ ဤသည်မှာ
ဘဝ၏ အနိမ့်,အမြင့်၊အတက်,အကျ သဘောပင်ဖြစ်၏။ ယင်းသို့  ဖြစ်ရခြင်းမှာ အတိတ်က
ကျွန်ုပ်တို့ ပြုလုပ်ခဲ့သောအလုပ်(ကံ)တရားများကြောင့်ဖြစ်၏ ဟုဆိုပါ၏။ ယင်းအလုပ်(ကံ)
တရားများကိုပင်လျှင် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ အကြောင်းတရားဟူ၍လည်းဆိုပါ၏။
မည်သည့်တန်ခိုးရှင်,ဖန်ဆင်းရှင်ကမှ ဖန်ဆင်းပြုလုပ်ပေး၍ ယင်းသို့ကွဲပြားခြားနား၍ ဖြစ်နေ
ရခြင်းမဟုတ်ပေ။အမှန်အားဖြင့် လူဘဝတွင် ချမ်းသာခြင်းစသည့်အထက်တန်းကျသောဘဝ
၌ဖြစ်ရခြင်း၌လည်းကောင်း၊ဆင်းရဲခြင်းစသည့် နိမ့်ကျသော ဘဝ၌ ဖြစ်ရခြင်း၌လည်းကောင်း
မိမိတို့ ပြုလုပ်ဆောင်ရွက်ချက်အပေါ်မူတည်၍ မိမိသည်သာအဓိကဖြစ်၏။ပဓာနဖြစ်၏။အခြား
မည်သူနှင့်မျှမဆိုင်။ ထို့ကြောင့် လူမှန်သမျှသည် မိမိ၏ဘဝကို မိမိ ကြိုက်သလို စိတ်ကြိုက်
ဖန်တီးနိုင်၏။တည်ဆောက်နိုင်၏။ချမ်းသာသောဘဝဖြစ်အောင်လည်း စီမံဖန်တီးနိုင်၏။တည်
ဆောက်နိုင်၏။ဆင်းရဲသောဘဝဖြစ်အောင်လည်း စီမံဖန်တီးနိုင်၏။တည်ဆောက်နိုင်၏။ပညာ
တတ်သောဘဝဖြစ်အောင်လည်း စီမံဖန်တီးနိုင်၏။တည်ဆောက်နိုင်၏။ပညာမတတ်သော ဘ
ဝ ဖြစ်အောင်လည်း စီမံဖန်တီးနိုင်၏။တည်ဆောက်နိုင်၏။ကောင်းသောဘဝဖြစ်အောင်လည်း
စီမံဖန်တီးနိုင်၏။ တည်ဆောက်နိုင်၏။ ဆိုးသောဘဝဖြစ်အောင်လည်း စီမံဖန်တီးနိုင်၏။တည်
ဆောက်နိုင်၏။အချုပ်အားဖြင့် အနိမ့်,အမြင့်၊အတက်,အကျ၊အကောင်း,အဆိုး ဘဝနှစ်မျိုးလုံး
ကိုပင် စီမံဖန်တီးနိုင်ပါ၏။တည်ဆောက်နိုင်ပါ၏။
သို့ရာတွင် လူသားတို့သည် (မိမိတို့၏)မူလဗီဇစိတ်ဓါတ်အရ အနိမ့်,အကျ
အဆိုးဟူသော ဘဝမျိုးဖြင့် မိမိတို့၏ ဘဝကို မည်သူမျှ မဖန်တီးလိုကြ၊မတည်ဆောက်လိုကြ။
အမြင့်,အတက်,အကောင်းဟူသောဘဝမျိုးဖြင့်သာ မိမိတို့၏ ဘဝကိုစီမံဖန်တီးလိုကြ၏။တည်
ဆောက်လိုကြ၏။ဤသည်မှာပုထုဇဉ်လူသားတိုင်းလိုချင်တောင့်တသောဆန္ဒဖြစ်၏။ထို့ကြောင့်
ပင်လျှင် လူသားတို့သည် မိမိတို့၏ ဘဝကိုအမြင့်,အတက်,အကောင်းဟူသော ရှင်သန်အောင်
ဘဝဖြစ်လာအောင် ကြိုးပမ်း အားထုတ်ကြပါ၏။ ယင်းသို့ ကြိုးပမ်းအားထုတ်ကြသော်လည်း
အချို့မှာ မျှော်မှန်းထားသလောက် ဘဝ၏ ရှင်သန်အောင်မြင်မှုကို မရရှိကြပေ။ထိုအခါ သူတို့
မှာ ရှင်သန်အောင်မြင်မှုကိုမရရှိခြင်းအတွက် " အတိတ်ကံ မကောင်းခဲ့သောကြောင့် မရှင်သန်
မအောင်မြင်" ဟူ၍ အတိတ်ကံကိုချည်း ပုံချတတ်ကြ၏။ရိုးမယ်ဖွဲ့တတ်ကြ၏။ဗုဒ္ဓဒေသနာတော်
အရ အတိတ်ကံသည် ဘဝ၏ အနိမ့်,အမြင့်၊အတက်,အကျ၊အကောင်း,အဆိုးဖြစ်ရခြင်း၌ပဓာနကျ
လည်း မျက်မှောက်ပစ္စုပ္ပန်၌ အသိဥာဏ်ပညာ၊ပြည့်စုံသော ကြိုးစားအားထုတ်မှု လုံ့လ ဝီရိယ၊
ခိုင်မာသောစိတ်ဓါတ်၊ပြင်းပြသောဆန္ဒ(သို့မဟုတ်) ရည်မှန်းချက်စသော အကြောင်းတရားတို့
ညီညွတ်ပြည့်စုံလျှင် အမှန်ပင်ရှင်သန်ကြီးပွားအောင်မြင်နိုင်ပါ၏။ယင်းအသိဥာဏ်ပညာစသော
အကြောင်းတရားတို့သည် မျက်မှောက်ပစ္စုပ္ပန်၌ ကျွန်ုပ်တို့၏ ဘဝရှင်သန်ကြီးပွားအောင်မြင်နိုင်
ရေးအတွက် လျှို့ဝှက်ချက်များပင်ဖြစ်ပါ၏။ယင်းလျှို့ဝှက်ချက်များကို ဖော်ထုတ်၍ စနစ်တကျ
ကြိုးပမ်းအားထုတ်သွားကြမည်ဆိုလျှင် ပစ္စပ္ပန်၌ ကျွန်ုပ်တို့၏ဘဝ ရှင်သန်ကြီးပွား အောင်မြင်
နိုင်မည်သာဖြစ်၍ အတိတ်ကံကိုချည်း ပုံမချသင့်၊ရိုးမယ်မဖွဲ့သင့်ကြပေ။ဤအကြောင်းအရာနှင့်
ပတ်သက်၍ပင်ဆရာဦးရွှေအောင်ကသူ့၏ "ဗုဒ္ဓ၊လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်(ကိုယ်
ကျင့် ဗုဒ္ဓဝင်)" စာအုပ် နှာ ၁၈၇-၌----
"ကံဟူသည် မိမိ၏ ဆန္ဒအလွန်၌သာ ရှိ၏။ဥာဏ်နှင့် ဝီရိယကား
မိမိ၏ ဆန္ဒအတွင်း၌ ရှိ၏။ဥာဏ်နှင့်ဝီရိယတို့သည်မိမိ၏ဆန္ဒ အ
တွင်း၌ ရှိသဖြင့် မိမိကြိုက်သလို အသုံးချနိုင်၏။ကံဟူသည် မိမိ
တို့၏ သန္တာန်၌မထင်ရှားသောအသွင်"သတ္တိ"ဖြင့် အစဉ်တစိုက်
ရှိ၏။ထာဝရရှိ၏။"
ဟူ၍ ဖွင့်ဆိုဖော်ပြထား၏။မာန်လည် ဆရာတော်ဘုရားကြီးကလည်း
သူ့ရဲ့ မဃဒေဝလင်္ကာ ပိုဒ်ရေ(၂၄၅)တွင်--
"ကံဟုမူလ၊သမ္ဗုဒ္ဓတို့၊ဟောပြသည်မှာ၊အရင်းသာရှင့်၊ဥစ္စာဘောဂ၊
ဇီဝိတနှင့်၊သုခပွားရန်၊ဤလူ့ဋ္ဌာန်၌၊ဥာဏ် ဝီရိယ၊ပယောဂတည့်"
ဟူ၍ စပ်ဆိုတော်မူထားခဲ့ပါ၏။
အသိဥာဏ်ပညာစသော ရှင်သန်ခြင်း လျှို့ဝှက်ချက်များကို ဖော်ထုတ်
ရာ၌ အသိဥာဏ်ပညာကိုရှေးဦးစွာ ဖော်ထုတ်ရမည်ဖြစ်၏။အဘယ့်ကြောင့်နည်း?လုပ်ငန်းဟူသ
မျှကို လုပ်ကိုင်ဆောင်ရွက်ရာ၌အသိဥာဏ်ပညာသည်သာ ဦးစီးဦးဆောင်ပဓာနကျသောကြောင့်
ပင်ဖြစ်ပါ၏။လုပ်ငန်းဟူသမျှဆိုရာ၌ စီးပွားရေးအရ လုပ်ငန်းလည်းပါ၏။ပညာရေးအရလုပ်ငန်း
လည်းပါ၏။လူမှုရေးအရ လုပ်ငန်းလည်းပါ၏။အချုပ်အားဖြင့် လုပ်ငန်းဟူသမျှသည် အားလုံးပါ
ဝင်၏။ယင်း လုပ်ငန်းဟူသမျှတွင် မည်သည့်လုပ်ငန်းကိုပဲ လုပ်လုပ် အသိဥာဏ်ပညာကို ပဓာန
ပြုရသည်ချည်းဖြစ်၏။အသိဥာဏ်ပညာကို မဓာနမပြုဘဲ(အသိဥာဏ်ပညာမပါဘဲ)လုပ်ငန်းပြီးစီး
အောင်မြင်ဖို့ရန် မလွယ်ကူပေ။ထို့ကြောင့် အသိဥာဏ်ပညာကို အဘိဓမ္မာ၌ လုပ်ငန်းအောင်မြင်
ပြီးစီးကြောင်းတန်ခိုးက္ကဒ္ဓိပါဒ်အနေဖြင့်လည်းကောင်း၊လုပ်ငန်းအောင်မြင်ပြီးစီခြင်း၏အကြီးအကဲ
ဖြစ်ကြောင်း ဝီမံသိဒ္ဓိအနေဖြင့်လည်းကောင်း ညွှန်ပြတော်မူခြင်းဖြစ်ပါ၏။
ဗုဒ္ဓဒေသနာတော်၌ အသိဥာဏ်ပညာကို ပရိယာယ်တူ ဝေါဟာရအဖြစ်
အမည်အမျိုးမျိုးဖြင့် ဟောဖော်ညွှန်ပြထားသည်ကို တွေ့ရ၏။အတတ်ပိုင်းဆိုင်ရာ၌ အသိဥာဏ်
ပညာအရေးပါမှု "ဝိဇ္ဇာ"ဟူသောအမည်ဖြင့်လည်းကောင်း၊အသိပိုင်းဆိုင်ရာ၌ အသိဥာဏ်ပညာ
ပညာပဓာနကျမှု"ပဇာနာနာ"ဟူသောအမည်ဖြင့်လည်းကောင်း၊အကျင့်ပိုင်းဆိုင်ရာ၌အသိဥာဏ်
ပညာအလွန်တရာလိုအပ်မှု သီလသိက္ခာ,သမာဓိသိက္ခာတို့ကဲ့သို့သိက္ခာနှင့်တွဲ၍ "ပညာသိက္ခာ"
ဟူသော အမည်ဖြင့်လည်းကောင်း၊အတွေးအခေါ်အယူအဆပိုင်းဆိုင်ရာ၌ အသိဥာဏ်ပညာနှင့်
ယှဉ်တွဲ၍ တွေးခေါ်ကြံဆမှသာ မှန်ကန်သောအတွေးအခေါ်အယူအဆဖြစ်မှု "ဒဿန"ဟူသော
အမည်ဖြင့်လည်းကောင်း ညွှန်ပြထားပါ၏။ထို့ပြင် တွေးခေါ်ကြံဆမှုပိုင်းဆိုင်ရာ၊ ဗဟုသုတပိုင်း
ဆိုင်ရာ၊နားထောင်မှုပိုင်းဆိုင်ရာ၊တရားဘာဝနာ အားထုတ်မှုပိုင်းဆိုင်ရာတို့ ပြီးစီးအောင်မြင်ရေး
အတွက်လည်း "ပညာ ပုဗ္ဗင်္ဂမာ"အရ အသိဥာဏ်ပညာသည် ရှေ့သွားဦးဆောင်ဖြစ်ကြောင်း"စိန္တ
မယဥာဏ်၊သုတမယဥာဏ်၊သောတာမယဥာဏ်၊ဘာဝနာမယဥာဏ်"ဟူသော အမည်အမျိုးမျိုးဖြင့်
လည်း ညွှန်ပြထားသည်ကိုတွေ့ရပါ၏။နောက်ဆုံးအဆင့်အနေဖြင့် အသိဥာဏ်ပညာကို နိဗ္ဗာန်သို့
သွားရာလမ်း "ပညာမဂ္ဂင်"အမည်ဖြင့် ဓမ္မစက္ကပဝတ္တနသုတ်၌ ဟောကြားတော်မူထားသည်ကို အ
ထင်အရှားလေ့လာတွေ့ရှိရပါ၏။အမှန်အားဖြင့် အသိဥာဏ်ပညာ ဟူသည် လူ၏အရည်အသွေး
လူ၏ စွမ်းအင်သတ္တတစ်ခုပင်ဖြစ်လေသည်။
လူတစ်ယောက်တွင် အတွေးအခေါ်မှန်ကန်မှုသည် အရေးကြီး၏။အတွေး
အခေါ်မှန်ကန်မှသာလျှင် အယူအဆသည်လည်းမှန်ကန်လာမည်ဖြစ်၏။အယူအဆမှန်ကန်သော
ပုဂ္ဂိုလ်သည် မှန်ကန်သော အလုပ်၊မှန်ကန်သော အသက်မွေးဝမ်းကျောင်းမှုတို့ကိုသာ ပြုလုပ်ပေ
လိမ့်မည်။ကျမ်းဂန်များ၌ အတွေးအခေါ် အကြံအဆမှန်ကန်မှုကို "သမ္မာ သင်္ကပ္ပ"ဟုခေါ်၏။အမြင်
မှန်ကန်မှုကို"သမ္မာဒိဋ္ဌိ"ဟုခေါ်၏။ယင်းသမ္မာသင်္ကပ္ပနှင့်သမ္မာဒိဋ္ဌိတို့မှာမဂ္ဂင်ရှစ်ပါးတွင်(အသိဥာဏ်)
ပညာအုပ်စုဝင် မဂ္ဂင်တရားများပင်တည်း။မှန်ကန်သောအလုပ်ကို "သမ္မာကမ္မန္တ"ဟုခေါ်၏။မှန်ကန်
သော အသက်မွေးဝမ်းကျောင်းပြုမှု(အသက်မွေးမှု)ကို"သမ္မာအာဇီဝ"ဟုခေါ်၏။ယင်းသမ္မာကမ္မန္တနှင့်
သမ္မာအာဇီဝတို့သည်လည်း မဂ္ဂင်ရှစ်ပါးတွင် သီလအုပ်စုဝင် မဂ္ဂင်ထိုက်သော တရားများပင်တည်း။
ဤသို့လျှင် အသိဥာဏ်ပညာက ကိုယ်ကျင့်သီလအား ဥပထမ္ဘကသတ္တိဖြင့် ကျေးဇူးပြုလျက်ရှိသလို
ကိုယ်ကျင့်သီလကလည်း အသိဥာဏ်ပညာအား ဥပထမ္ဘကသတ္တိဖြင့် ကျေးဇူးပြုလျက်ရှိပါ၏။ထို့
ကြောင့်ပင် သီလက္ခန်ပါဠိတော်၌အသိဥာဏ်ပညာနှင့် ကိုယ်ကျင့်သီလကို အမြတ်ဆုံးသော တရား
နှစ်ပါးအဖြစ် ဟောကြားတော်မူခြင်းဖြစ်တန်ရာ၏။
လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အသိဥာဏ်ပညာသည် မည်မျှ
ပဓာနကျကြောင်း ငါးသုံးကောင်ဖြင့်ဥပမာပေးထားသောဝတ္ထုတစ်ပုဒ်သည်သာဓကအဖြစ်ထင်ရှား၏။
ယင်းသာဓကဝတ္ထု၏အကျဉ်းချုပ်မှာ ဤသို့ဖြစ်၏။ရှေးအခါက တံငါသည်တစ်ယောက်သည် ပိုက်ကွန်
ဖြင့် ငါးရှားရင်း ငါးသုံးကောင်ကို ဦးစွာဖမ်းမိလေ၏။ဖမ်းရသောငါးသုံးကောင်းကို မသတ်သေးဘဲ လှေ
ဝမ်းထဲထည့်ထားကာ လှေကိုလှော်ပြီး ငါးဆက်၍ရှာနေလေ၏။ယင်းငါးသုံးကောင်အနက်တစ်ကောင်
သည် အသိဥာဏ်ပညာမပါဘဲ ကြိုးစားအားထုတ်မှု လုံ့လဝီရိယကိုချည်းအားကိုးသော ဝီရိယသမား
ငါးဖြစ်၏။တစ်ကောင်သောငါးမှာအချိန်အခါနှင့်အခြေအနေကိုချင့်ချိန်စောင့်ကြည့်သုံးသပ်တတ်သော
အသိဥာဏ်ပညာသမားငါးဖြစ်၏။ကျန်တစ်ကောင်သောငါးမှာကံကိုချည်းအားကိုးနေသော ကံသမား
ငါးသမားဖြစ်၏။ယင်းငါးသုံးကောင်တို့တွင် အသိဥာဏ်ပညာမပါဘဲ ကြိုးစားအားထုတ်မှု လုံ့လဝီရိယ
ကိုချည်းအားကိုးသော ဝီရိယသမားငါးသည် အသက်ဘေးမှ လွတ်မြောက်ရန်အတွက် လှေဝမ်းထဲမှ
နေ၍ အမြဲခုန်လျက်ရှိနေ၏။ အမြဲခုန်နေသော်လည်း လှေနံကိုကား မကျော်နိုင်။ ယင်းသို့ လှေနံကို
ကျော်နိုင်ရန် အကြိမ်ကြိမ်ခုန်နေသည်ကို တွေ့မြင်ရသော တံငါသည်သည် စိတ်တိုမှု၊ လွတ်မြောက်
သွားမည်ကို စိုးရိမ်မှုတို့ကြောင့် လှော်တက်ဖြင့် ရိုက်သတ်လိုက်၍အသက်ဆုံးရှုံးသွားရလေ၏။ဝီရိယ
သမားငါးမှာ အသိဥာဏ်ပညာဖြင့် အချိန်အခါနှင့် အခြေအနေတို့ကို စောင့်မကြည့်ဘဲ ဇွတ်အတင်း
ရုန်းထွက်ရန် ကြိုးစားသောကြောင့် အသက်ဆုံးရှုံးသွားခြင်းဖြစ်လေ၏။ဥာဏ်သမားငါးမှာတံငါသည်
၏ အခြေအနေကိုစောင့်ကြည့်ကာ ရေပြင်၌လှိုင်းထ၍ လှေစောင်းသွားသည်နှင့်တပြိုင်နက် ခုန်ထွက်
သွားသောကြောင့် အသက်ဘေးမှ လွတ်မြောက်သွားလေ၏။ကံကိုချည်းအားကိုးနေသော ကံသမား
ငါးမှာမူ "ကံရှိလျှင် လွတ်မြောက်လိမ့်မည်"ဟုကံကိုချည်း အားကိုး၍ အသိဥာဏ်ပညာကိုလည်း အ
သုံးမချ၊ကြိုးစားအားထုတ်မှုလည်းမရှိဘဲ သည်အတိုင်းငြိမ်ငြိမ်လေးနေသောကြောင့် နောက်ဆုံးတွင်
တံငါသည်၏ ပလိုင်းထဲသို့ရောက်၍ ဟင်းစာဖြစ်သွားကာ အသက်ဆုံးရှံးသွားရလေ၏။
ဤငါးသုံးကောင် ဥပမာ သာဓကဝတ္ထုတွင် အသိဥာဏ်ပညာမပါဘဲ မည်
မျှပင် ကြိုးစားအားထုတ်မှု လုံလဝီရိယရှိရှိ အောင်မြင်မှုကိုမရရှိနိုင်ကြောင်း၊အသိဥာဏ်ပညာလည်း
မရှိ,ကြိုးစားအားထုတ်မှုလုံ့လဝီရိယလည်းမရှိဘဲ ကံတရားကိုချည်းအားကိုးနေ၍ ဘဝတွင်အောင်မြင်
မှုမရရှိနိုင်တို့ကို ညွှန်းဆိုလိုရင်ဖြစ်ပါ၏။ဤအကြောင်းအရာများကိုပင်လျှင် မာန်လည်ဆရာတော် ဘု
ရားကြီးက သူ့၏ မဃဒေဝလင်္ကာပိုဒ်ရေ(၂၄၅)တွင် အောက်ပါအတိုင်း ဖွဲ့နွဲ့သီကုံးညွှန်ပြတော်မူထား
သည်ကို ဖတ်ရှုရပါ၏။
"လုံ့လမထူ၊ဥာဏ်မကူဘဲ၊အယူတစ်ချောင်း၊ကံတစ်ကြောင်းမျှ၊
မကောင်းလည်းကံ၊ကောင်းလည်းကံဟု၊ကံကိုချည်းသာ၊မကိုး
ရာဘူး၊ပညာဥာဏ်ဖြင့်၊သင့် မသင့်ကို၊အခွင့်ရှာ၍၊အပြုလုံ့လ၊
ရှိအပ်စွတည့်၊တံငါလက်တွင်း၊ရောက်လျင်းတုံငြား၊သုံးကောင်
ငါးကို၊မှတ်သားဝမ်းထဲ၊နည်းယူစွဲလော၊ကံမွဲ ဥာဏ်နုံ့၊မလုံ့မလ၊
နတ်မမဘူး၊အလသမျိုး၊အကျိုးယွင်းယို၊အလိုလျော့ရဲ၊မကျော့
ကျဲလင့်၊"
ထို့ကြောင့် ကျွန်ုပ်တို့သည် ပစ္စုပ္ပန်၌ ကျွန်ုပ်တို့၏ဘဝ ရှင်သန်ကြီးပွား
အောင်မြင်နိုင်ရေးအတွက် ကျွန်ုပ်တို့ပြုလုပ်ဆောင်ရွက်မည့် လုပ်ငန်းအပေါ် အသိဥာဏ်ပညာဖြင့်
စဉ်းစားဆင်ခြင်သုံးသပ်၍ ကြိုးစားအားထုတ်သွားမည်ဆိုပါက အမှန်တကယ်ပင် ရှင်သန်အောင်မြင်
ကြီးပွားလာမည်သာဖြစ်ပါကြောင်း တင်ပြအပ်ပါ၏။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment