Thursday, July 18, 2013

Thursday, July 18, 2013 စင်ကာပူတွင် ပညာရေး အထောက်အထား လိမ်လည်မှုဖြင့် နိုင်ငံခြားသား ၂၅ ဦးကို ပြစ်ဒဏ်ချ

စင်ကာပူ၊ ဇူလိုင် ၁၇

စင်ကာပူနိုင်ငံတွင် အလုပ် လုပ်ကိုင်ခွင့် ရရန်အတွက် ပညာရေး အထောက်အထား တင်ပြရာတွင် လိမ်လည် တင်ပြမှုဖြင့် အစစ်ဆေးခံနေ ရသော နိုင်ငံခြားသား ၂၅ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့က ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။

အဆိုပါ နိုင်ငံခြားသား ၂၅ ဦးမှာ အလုပ်လုပ်ခွင့် ပါမစ် လျှောက်ထားရာ၌ ပညာရေး အထောက်အထား စာရွက် စာတမ်း အတုများကို တင်ပြခဲ့သည့် အတွက် မေလအတွင်းက တရားစွဲဆို ခံခဲ့ရပြီး ယခုအခါတွင် ပြစ်မှု ထင်ရှား သဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ထိုနိုင်ငံခြားသား ၂၅ ဦးမှာ မြန်မာနိုင်ငံမှ ၂၁ ဦး၊ အိန္ဒိယနိုင်ငံမှ သုံးဦးနှင့် ဖိလစ်ပိုင်နိုင်ငံမှ တစ်ဦး ဖြစ်ပြီး အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ငါးဦးဖြစ်ကာ အသက် ၁၉ နှစ်မှ ၄၈ နှစ် ကြား ရှိသူများ ဖြစ်ကြောင်း သိရသည်။

ထို ၂၅ ဦးသည် ၂၀၁၂ ခုနှစ် မေလမှ သြဂုတ်လအတွင်းတွင် အလုပ်လုပ်ခွင့် ပါမစ် ကြီးကြပ်ရေးဌာန သို့ အလုပ် လုပ်ခွင့် ပါမစ် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ၂၅ ဦး စလုံးမှာ အချက်အလက် အမှားများဖြင့် လိမ်လည် လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။

၂၅ ဦး အနက်မှ ၂၄ ဦးမှာ ၎င်းတို့၏ ပညာရေး အထောက်အထား စာရွက်စာတမ်း အတုများကို ၎င်းတို့၏ မိခင် နိုင်ငံများမှ ရယူကာ ထိုအထောက်အထား အတုများဖြင့် အလုပ်သမား ဝန်ကြီးဌာနသို့ ၎င်းတို့ ဘာသာ အလုပ်လုပ်ခွင့် ပါမစ် လျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။

ကျန်တစ်ဦးမှာမူ အလုပ်လုပ်ခွင့် ပါမစ်ကို ပညာရေး အထောက်အထား အတုဖြင့် အလုပ်အကိုင် ရှာဖွေရေး အေးဂျင့် တစ်ခုမှ တစ်ဆင့် လျှောက်ထား ခဲ့ခြင်း ဖြစ်သော်လည်း ထိုအလုပ်အကိုင် ရှာဖွေရေး အေးဂျင့်က ထိုစာရွက်စာတမ်း အတုနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ထိုကဲ့သို့ လျှောက်ထားသည့် အချိန်က စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနသည် စာရွက် စာတမ်း အတုများကို စစ်ဆေး တွေ့ရှိခဲ့ခြင်း မရှိသဖြင့် အလုပ်လုပ်ခွင့် ပါမစ်များ ထုတ်ပေးခဲ့ပြီး ယခုနှစ် မေလတွင်မှ စာရွက်စာတမ်း အတုများဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည့်အတွက် ဖမ်းဆီး စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီးသည့်နောက်တွင် တရားစွဲဆိုခြင်း ခံရသော နိုင်ငံခြားသား ၂၅ ဦးစလုံးမှာ အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ထိုနိုင်ငံခြားသား ၂၅ ဦးအနက်မှ ၂၀ ဦးကို ထောင်ဒဏ် လေးပတ် ချမှတ်ခဲ့ပြီး ကျန်ငါးဦးကို ငွေဒဏ် စင်ကာပူ ဒေါ်လာ ၅၀၀၀ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment