Wednesday, July 3, 2013

Thursday, July 4, 2013 ဓာတ်လှေကား ကြိုးပြတ်ကျ၍ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ငါးဦး ပြင်းထန်စွာ ဒဏ်ရာရ

ဘန်ကောက် (မဇ္ဈိမ)။   ။ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့နယ်ရှိ ဂျင်းပိတ်စများ ထုတ်လုပ်သော Absolut Demin Co. Ltd အထည်အလိပ် စက်ရုံတွင် ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဓာတ်လှေကား ထိန်းသည့် သံမဏိကြိုး ပြတ်ကျသဖြင့် မြန်မာအလုပ်သမား ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွား ခဲ့သည်။

ဒဏ်ရာရသူများကို မဟာချိုင်မြို့ စမွတ်စခွန် ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသပေးနေပြီး ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှလည်း သွားရောက် အကူအညီပေးနေကြောင်း အလုပ်သမားရေးရာ သံအရာရှိ ဦးကျော်ကျော်လွင် က ပြောသည်။


“ကုန်တင်ကုန်ချရာမှာ အသုံးပြုတဲ့ ဓာတ်လှေကား ပြုတ်ကျသွားလို့ အလုပ်သမား ၅ ယောက်ဟာ အတော်လေးကို ပြင်းပြင်းထန်ထန် ဒဏ်ရာတွေ ရသွားကြတယ်။ စိုးနိုင် ဆိုတဲ့ ကောင်လေးကတော့ အဆိုးဆုံး ပဲ။ သူက ခြေထောက်နှစ်ဘက်၊ လက်နှစ်ဘက်စလုံး ကျိုးသွားတယ်။ နံရံရိုးတွေလည်း ကျိုးသွားပြီး အဆုတ်မှာ စိုက်ဝင်နေတယ်လို့ သိရတယ်။ ကျိုးတာကတော့ တယောက်မကျန် ကျိုးတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများမှာ ကိုစိုးမင်းဦး (ပတ်စ်ပို့ TF ၀၄၁ ၂၀၈၊ အသက် ၃၀၊ ပုလောမြို့နယ်၊ တနင်္သာရီတိုင်း)၊ ကိုစန်းနိုင် (ပတ်စ်ပို့ TI ၀၂၁ ၄၇၉၊ အသက် ၂၀ နှစ်၊ ဟင်္သာကုန်း ၁၉ ရပ်ကွက်၊ ပဲခူးမြို့)၊ ကိုဒါနန်းဂျေ (ပတ်စ်ပို့ TE ၀၄၂ ၅၅၇၊ အသက် ၂၆နှစ်၊ သူဌေးကုန်းရွာ၊ ကျောက်တံခါး မြို့နယ်၊ ပဲခူးတိုင်း)၊ ကိုမောင်ဝင်း (ပတ်စ်ပို့ KT ၀၁၁၅၀၄၊ အသက် ၃၀ နှစ်၊ ကော့ကလော့ရွာ၊ ကျိုက်မရောမြို့နယ်၊ မွန်ပြည်နယ်)၊ ကိုစိုးနိုင် (ပတ်စ်ပို့ KT ၀၅၂၆၀၉၊ အသက် ၂၇ နှစ်၊ ကံနုရွာ ကျောက်တံခါးမြို့နယ်၊ ပဲခူးတိုင်း) တို့ ဖြစ်ကြ သည်။

ပေ ၄၀ ကျော် အမြင့်ရှိသောနေရာမှ ရုတ်တရက် ဓာတ်လှေကား ပြုတ်ကျ၍ ဓာတ်လှေခါးအတွင်းရှိ ၎င်းတို့ ၅ ဦးလုံးမှာ ခါးနှင့် ခြေထောက်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

အဆိုပါ ဓာတ်လှေကား ပျက်စီးနေသည်မှာ ကာလအတန်ကြာပြီဖြစ်သော်လည်း ပြုပြင်ခြင်းမရှိဘဲ သုံးစွဲနေခဲ့သဖြင့် ယခုကဲ့သို့ ဖြစ်ပွါးခဲ့ရကြောင်း ဒဏ်ရာရ အလုပ်သမား ကိုဒါနန်းဂျေ က ပြောပြသည်။

“ပေ လေးဆယ်ကျော်လောက် အမြင့်ကြီးကနေ ရုတ်တရက် ပြုတ်ကျတာ တစက္ကန့်တောင် ကြာမယ် မထင် ဘူး။ ဝုန်းဆို ကျသွားတာပဲ။ ကျနော်က လွဲပြီး ကျန်တဲ့ လေးယောက်က သတိလစ်သွားကြတယ်။ ကျနော်တို့ ငါးယောက်လုံးကို ဓာတ်လှေကားထဲမှာ ထည့်ထားတဲ့ အထုပ်တွေက ပိကျလာကြတယ်။ ငါးယောက်လုံး ခါးအောက်ပိုင်း ထိခိုက်ကြတာ ချည်းပဲ။ ကျနော်ဆို အခု ခါးလည်း လှုပ်မရဘူး။ ခြေထောက် နှစ်ဘက်လည်း ပတ်တီးစီးရတယ်။ စန်းနိုင်မှာလည်း ပေါင်မှာ၊ ရောလက်မှာပါ စတီးအရိုး ဆက်ထားရတယ်။ အားလုံး ကျိုးကြတယ်။ ဒီဓါတ်လှေကား မကောင်းဘူးဆိုတာကို တာဝန်ရှိတဲ့ သူတွေကို ပြောနေတာကြာပြီ။ သူတို့က မပြုပြင်ကြဘူး။ သုံးတာတော့ အားလုံးက ဒီဓာတ်လှေကားကိုပဲ သုံးကြတာပဲ” ဟု ဆိုသည်။

၎င်းတို့ ငါးယောက်သည် အဆိုပါစက်ရုံတွင် ကုန်ပစ္စည်း တင်ပို့ ရွှေ့ပြောင်းပေးရသော အလုပ်ကို လုပ်ကြ သူများ ဖြစ်ကြသည်။

၎င်းတို့အတွက် ကုန်ကျမည့် ဆေးကုသစရိတ်များကို စက်ရုံပိုင်ရှင်မှ ကျခံသွားမည်ဟု သိရသည်။ ထို့ပြင် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီမှ ဘတ်ငွေ ၁၀,၀၀၀ စီနှင့် Libra Life ပတ်စ်ပို့ အေဂျင်စီမှ ဘတ် ၅,၀၀၀ စီ လာရောက် ကူညီလှူဒါန်းပေးခဲ့ကြကြောင်း ငွေအကူအညီ ပေးအပ်ရာတွင် ပါဝင်ခဲ့သူ စေတနာ့ဝန်ထမ်း ဒေါ်မာလီ က ပြောသည်။

“ထိုင်းနိုင်ငံထဲမှာ မြန်မာ ပတ်စ်ပို့ရုံး ၁၄ ရုံး ရှိတယ်။ အဲဒီရုံးတွေက အလုပ်သမားတွေကို ကာကွယ်ပေးဖို့ ကူညီဖို့ တာဝန်ရှိတယ်လေ။ ဒါကြောင့် သံရုံးက ဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်ပ အလုပ်သမား ကြီးကြပ်ရေးအဖွဲ့ အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်ရဲ့ လမ်းညွှန်မှုနဲ့ စမွတ်စခွန် ပတ်စပို့ရုံးက လက်ထောက် ညွှန်မှူး ဦးအောင်ခင် ဦးဆောင်ပြီး ကျမတို့ မနေ့က သွားရောက် ကူညီ လှူဒါန်းပေးခဲ့ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာ အလုပ်သမားများ ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိချိန်တွင် တတ်နိုင်သည့်ဘက်မှ ကူညီပေးခြင်းဖြစ်ကြောင်း Libra Life ပတ်စ်ပို့ အေဂျင်စီမှ ဒါရိုက်တာ ဒေါ်ယွန်းရတီထွန်း က ပြောသည်။

“ဒီအလုပ်သမားတွေဆိုတာ ကိုယ့်နိုင်ငံက ညီအကို မောင်နှမတွေပဲလေ။ ကျမတို့လည်း ဒီအလုပ်သမားတွေနဲ့ အလုပ်လုပ်ရတာ မဟုတ်လား။ သူတို့ လိုအပ်တဲ့ အချိန်မှာ ကျမတို့ကလည်း သူတို့ဘက်မှာ ရှိရမယ်ဆိုတဲ့ စေတနာနဲ့ပါ။ ဒါ့အပြင် အခု သံရုံးက အရင်ကလို မဟုတ်ဘဲ အလုပ်သမားတွေ ကိစ္စပေါ်လာရင် တတ်နိုင် သမျှ မြန်မြန်ဆန်ဆန် လိုက်လံကူညီပေးလာတာဟာ အလုပ်သမားတွေအတွက် အရမ်းကောင်းပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိသွားသဖြင့် ဘဝတွင် ယခင်ကကဲ့သို့ အကောင်းပကတိ ဖြစ်လာတော့မည် မဟုတ်သည်ကို တွေးမိ၍ ဝမ်းနည်းမိကြောင်း လူငယ် အလုပ်သမား ကိုစန်းနိုင်က ပြောသည်။

“နောင်ဆိုရင် ကျနော်တို့က သူများတွေလို အလုပ်မလုပ်နိုင်တော့မှာကို တွေးမိပြီး စိုးရိမ်မိတယ်။ မထမ်းနိုင် မပိုးနိုင်တော့ဘူး၊ သူများလို သွက်သွက်လက်လက် မရှိတော့ဘူးပေါ့။ အဆင်မပြေလို့ သူတပါး တိုင်းပြည်မှာ အလုပ်လာလုပ်ပါ တယ်ဆိုမှ ခုလို အဖြစ်ဆိုးနဲ့ ကြုံရတော့လည်း ဝမ်းနည်းတာပေါ့ဗျာ” ဟု ဆိုသည်။

ထိခိုက် ဒဏ်ရာရရှိသူ မြန်မာအလုပ်သမားများအတွက် အလုပ်ရှင်ထံမှ နစ်နာကြေး မည်သို့ဆောင်ရွက်ပေးမည်ကိုမူ မသိရှိရသေးပေ။

ဘစောတင်
by Mizzima - News in Burmese

0 comments:

Post a Comment