အကြောင်းအမျိုးမျိုးပြကာ သိမ်းဆည်းထားသော မြေများကို မည်သည့်အတွက်
သိမ်းထားသည်ဖြစ်စေတောင်သူများထံ အမြန်ပြန်ပေးရန် ဇူလိုင် ၁၁ ရက်က
ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှ ထည့်သွင်းပြောဆိုဝေဖန်ကာ အစိုးရကို
လွှတ်တော်အမတ်များက ဖိအားပေး တောင်းဆိုကြသည်။
သိမ်းထားသည့်မြေများကို
မူလပိုင်ရှင် လယ်သမားများ ပြန်ရရေး လွှတ်တော်တွင် ဆွေးနွေးကြသည်မှာ
ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းမှ အမတ်များမှအပ ကျန်ပြည်နယ်နှင့်တိုင်း ၁၂
ခုမှ အမတ်များက အားတက်သရောဆွေးနွေးခဲ့ကြသည်။
ပုသိမ်မဲဆန္ဒနယ်မှ
အောက်လွှတ်တော်အမတ် ဦးဝင်းမြင့်က “နေရမဲ့၊ စားရမဲ့ တောင်သူလယ်သမားများ
ရဲ့ဘ၀ကို ကိုယ်ချင်းစာတရားထားပြီး တရားမျှတစွာ စိတ်ကောင်းစေတနာမှန်ဖြင့်
ဖြေရှင်းကြရန် အထူး အရေးကြီးပါတယ်”ဟုပြောသည်။
လယ်သမားများထံမှ
စစ်တပ်နှင့် ကုမ္ပဏီများက မြေသိမ်းပြီး လယ်သမားများက လယ်ပြန်ထွန်သောအခါ
မူလပိုင်ရှင်ဖြစ်သည့် လယ်သမားကို ပိုင်နက်ကျူးလွန်မှုဖြင့် မြေသိမ်းသူများက
တရားစွဲမှုများရှိသဖြင့် “ဒါ ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဟာသပြက်လုံးတစ်ခု”ဟု
ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ အမတ် ဦးဖေသန်းက လွှတ်တော်တွင်ပြောခဲ့သည်။
ပြည်ထောင်စုလွှတ်တော်က
အမတ်များဖြင့် လယ်နှင့် အခြားမြေများ သိမ်းဆည်းခံရမှု
စုံစမ်းရေးကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်က ဖွဲ့စည်းခဲ့ပြီး
နိုင်ငံတ၀ှမ်းမှ မြေသိမ်းမှုများကို တိုင်းနှင့်ပြည်နယ် အလိုက်
အဖွဲ့များခွဲ၍ စုံစမ်းခဲ့ကြသည်။
ထိုကော်မရှင်၏ ဥက္ကဋ္ဌဦးတင်ထွတ်က
ဇူလိုင် ၈ ရက်က ပြည်ထောင်စုလွှတ်တော်တွင် မြေသိမ်းမှုများအရေးကို
အမြန်ဖြေရှင်းရန် အဆိုတင်ခဲ့ရာ ထိုအဆိုကို ဇူလိုင် ၁၁ ရက်တွင်
တိုင်းနှင့်ပြည်နယ် ၁၂ ခုမှ အ မတ် ၄၅ ဦးကဆွေးနွေးကြစဉ် အစိုးရကို
ဖိအားပေးလိုက်ကြခြင်း ဖြစ်သည်။
ဦးတင်ထွတ်ကလည်း မြေသိမ်းခံရမှုကို လွှတ်တော်၏ ကော်မရှင်က
ဖော်ထုတ်ရုံသာတတ်နိုင်ပြီး တောင်သူများလက်သို့ မြေပြန်ရောက်ရေးမှာ
တိုင်းနှင့်ပြည်နယ်အစိုးရများနှင့် ပြည်ထောင်စုအစိုးရတွင်သာ တာဝန်ရှိသည်ဟု
ဇူလိုင် ၈ ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
မြေသိမ်းမှုများကို
အမြန်ဆုံး ဖြေရှင်းရေးအဆိုကို ဆွေးနွေးကြမည့် အမတ်မှာ ၄၅ ဦးပင်
ရှိနေသဖြင့် ဇူလိုင် ၁၁ ရက်က လွှတ်တော်တွင် အချိန်မရသဖြင့် ၁၅ ဦးသာ
ဆွေးနွေးနိုင်ခဲ့ပြီး ယနေ့ ဇူလိုင် ၁၂ ရက် တွင် အမတ် ၃၀
ဦးဆွေးနွေးကြရဦးမည် ဖြစ်သည်။
အောက်လွှတ်တော်မှ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ် ဦးအောင်သိန်းလင်းကလည်း
မြေသိမ်းမှုများကို ဖြေရှင်းရန် အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းများတွင်
တာဝန်ရှိကြောင်း လွှတ်တော်တွင် ထပ်လောင်း၍ဝေဖန်ခဲ့သေးသည်။
ရခိုင်ပြည်နယ်
ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက “ပြည်နယ်တစ်ခုလုံးကို
ခြုံကြည့်မယ်ဆိုရင် တပ်မတော်က သိမ်းတဲ့ လယ်မြေအများဆုံး ဖြစ်ပါတယ်။
သိမ်းယူထားတဲ့ လယ်တွေကို သီးစားပြန်ချပါတယ်။ အခု ကော်မရှင်ကိုတိုင်လို့
(တောင်သူများကို) သီးစားတောင် မချတော့ဘူး”ဟု သူမြေသိမ်းမှုများ စုံစမ်းစဉ်
ကြုံတွေ့ခဲ့ရသည်များကို လွှတ်တော်တွင် တင်ပြခဲ့သည်။
၂၀၁၂ ခုနှစ်
သြဂုတ်လအတွင်း မြေယာနှင့် ပတ်သက်သည့်အဆိုကို လွှတ်တော်တွင် တင်သွင်းခဲ့ရာ
လွှတ်တော်အမတ် ၄၅ ဦး ၀င်ရောက် ဆွေးနွေးခဲ့သည်။ ကျင်းပပြီးစီးခဲ့သည့်
လွှတ်တော် သက်တမ်းတစ်လျှောက် အမတ်ဦးရေ အများဆုံး ဆွေးနွေးခဲ့သည့် အဆိုတစ်ခု
ဖြစ်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသည့်
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်၏ သက်တမ်းမှာ
ကိုးလကျော်လာပြီဖြစ်သည်။ ကော်မရှင်ကို အဖွဲ့ဝင် ၆၀ ဖြင့် ဖွဲ့စည်းထားပြီး
လွှတ်တော်အသီးသီး၏ ကော်မတီ၊ ကော်မရှင်များအနက် အဖွဲ့ဝင်အများဆုံး
ကော်မရှင်တစ်ခုလည်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့်
အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်ကမူ
လယ်ယာမြေ သိမ်းဆည်းမှုနှင့်ပတ်သက်၍ “သမိုင်းတရားခံ အဖြစ်မခံနိုင်ဘူး”ဟု
ပြောဆိုထားသည်။
မင်းမင်း - Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment